ဆမ်ဆောင်းရဲ့ စမတ်နာရီ Galaxy Gearနဲ့ ပတ်သက်ပြီး သတင်းတွေကတော့ ထွက်ရှိလာပြန်ပါပြီ။ ဒီတစ်ခါ ထွက်ရှိလာတဲ့ အချက်အလက်တွေကတော့ အဆိုပါ စမတ်နာရီဟာ ၁၀နာရီကြာ အသုံးခံမယ့် Batteryနဲ့ RAMကို 1GBအသုံးပြု တပ်ဆင်ထားကာ 6GBသို့မဟုတ် 8GB Storage အမျိုးအစားနှစ်ခု ရွေးချယ်၀ယ်ယူ နိုင်မှာ ဖြစ်တယ်လို့ ဆမ်ဆောင်းရဲ့ သတင်းရင်းမြစ် တစ်ခုကနေ သိရှိရပါတယ်။ ကွေးဆန့်လို့ရမှာ မဟုတ်ပေမယ့် ၂.၅လက်မအရွယ် မျက်နှာပြင်နဲ့ 320×320 OLED Displayဟာ ပြိုင်ဘက် စမတ်နာရီတွေ ထက်တော့ ကြီးမားနေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စမတ်နာရီမှာ ဗီဒီယိုတွေကို 720pရုပ်ထွက် အရည်အသွေးနဲ့ ရိုက်ကူးနိုင်မယ့် 4-megapixelကင်မရာလည်း ထည့်သွင်းတပ်ဆင် ထားပါတယ်။
အစောပိုင်းက ထွက်ရှိထားတဲ့ သတင်းတွေအရတော့ အဆိုပါ စမတ်နာရီမှာ “Samsung Exynos 4212 Dual-Core 1.5GHz”နဲ့ ဂရပ်ဖစ်အတွက် Mail-400 MP4 GPUကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Screenကို အလိုလျောက် လှည့်ပေးတဲ့ Accelerometerဆိုတဲ့ Sensor, Bluetooth 4.0နဲ့ GPSလည်း ပါ၀င်ပါတယ်။ နာရီရဲ့ လက်ပတ်မှာ စပီကာတွေ တပ်ဆင်ထားတယ်လို့ ဆိုပြီး အန်းဒရွိုက်ဗားရှင်း 4.2(Jelly Bean)အသုံးပြု နိုင်ဖွယ်ရှိပေမယ့် တကယ်တမ်းကျတော့ ဘယ်လိုOSမျိုးနဲ့ ထွက်ပေါ်လာမယ်၊ သင့်ရဲ့ စမတ်ဖုန်းနဲ့ ဘယ်လို သဟဇာတ ဖြစ်စေမယ်ဆိုတာတွေ ကတော့ စောင့်ကြည့်ရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။
4GBနဲ့ 8GBဆိုပြီး Capacityနှစ်မျိုး ရွေးချယ်လို့ ရတယ်ဆိုတဲ့အချက်က နည်းနည်းတော့ သံသယဖြစ်စရာ ကောင်းနေပါတယ်။ ဒါ့အပြင် Battery ၁၀နာရီ အသုံးခံတယ် ဆိုတာက တကယ်တမ်းကျတော့ တစ်နေကုန် အသုံးခံမှာ မဟုတ်ပေမယ့် သက်တမ်း ၁၀နာရီဆိုတာက Screen Onထားတဲ့ အချိန် ၁၀နာရီကို ပြောတာလား၊ စုစုပေါင်း သုံးစွဲချိန် ၁၀နာရီကို ပြောတာလား ဆိုတာလည်း မရှင်းလင်းတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အားလုံးက မျှော်လင့်နေကြတဲ့ စမတ်နာရီ တစ်လုံးဆိုတော့ သာမန်အချိန်ပြတဲ့ နာရီတွေထက် အများကြီး ထူးခြားသာလွန်တဲ့ အချက်တွေ ရှိနေဖို့လည်း လိုအပ်ပြီး အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ အဆိုပါစမတ်နာရီဟာ တကယ်မလိုအပ်တဲ့ ပစ္စည်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။