News

ပရိုဘောက်စ်တွေ အကြမ်းမခံ၍ မိုးတွင်းမှာဈေးကျ

မိုးရာသီကာလအတွင်း ကားလမ်းမပေါ်သို့ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပရိုဘောက်စ်ကားများ မောင်းနေစဉ် စက်ထိုးရပ်ခြင်း၊ ၀ါယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းခြင်းစသည့် စက်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်း နည်းပါးမှုကြောင့် ပရိုဘောက်စ် ကားတစ်စီးလျှင် ကျပ် ၁၀သိန်းခန့် ဈေးကျဆင်းလာကာ အရောင်းအ၀ယ်ပါ ထိုင်းသွားကြောင်း၊ ဟံသာ၀တီ ကားရောင်း၀ယ်ရေးစခန်းအနီးမှ ၀ယ်/ရောင်း လုပ်ကိုင်သူ ဦးသိန်းထွန်းက ပြောသည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့ရက်က မိုးအရမ်းရွာလို့ ရေတွေ လျှံလာတော့ ရေထဲကိုဖြတ်မောင်းရင်း စက်ထိုးရပ်သွားတာ တွေ့ရှိသည်။ အဓိကကတော့ လားရှိုးနဲ့ မူဆယ်ကြားမှာ ပရိုဘောက်စ်ကားတွေ မီးလောင်မှု ဖြစ်ခဲ့ပြီးနောက်ပိုင်းကတည်းက ဈေးတွေကျလာတာ”ဟု ၄င်းက ပြောသည်။

ယခင်က ပရိုဘောက်စ်တစ်စီးလျှင် ကျပ် ၁၁၅သိန်းခန့် ရှိခဲ့ရာမှ ယခု ကျပ် ၁၀၅သိန်းအထိ ဈေးကျဆင်းသွားခဲ့သည်။ လုပ်ငန်းသုံး ပရိုဘောက်စ်ကား များ နေရာတွင် ပိုမိုအကြမ်းခံသည့် နောက်လေးပါ ကယ်ဒီးနား (ဖင်ကောက်) ကားများ ၀ယ်ယူမှု မြင့်တက်လာကြောင်း သိရသည်။

ကယ်ဒီးနား (ဖင်ကောက်)တွေက ဓာတ်ဆီကားတစ်စီးကို အရင် ကျပ် ၁၃သိန်းလောက်ပဲ ရှိတာ။ အခု ၁၅၅သိန်း ဖြစ်သွားပြီ။ သိန်း ၂၀လောက် တက်သွားတယ်။ စီအင်န်ဂျီပါရင် ကျပ် ၂၀၅သိန်းနဲ့ ရောင်းနေရတယ်”ဟု ဦးသိန်းထွန်းက ဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့် လအနည်းငယ်က ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ၀ယ်လက်များက ပရိုဘောက်စ်ကားများ ၀ယ်ယူခဲ့ပြီး၊ ကုန်အများအပြားတင်၍ လုပ်ငန်းအတွက် အသုံးပြုရာ နှစ်လအတွင်း ပရိုဘောက်စ်ကား သုံးစီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးသည်ဟု ဆိုသည်။

ယခု လက်ရှိ ကားဈေးကွက်အတွင်း ကယ်ဒီးနားကားများနှင့် အပေါ်ကားအနည်းငယ်သာ အရောင်းအ၀ယ်ရှိပြီး အောက်ကားများမှာ စလစ် ဈေးမြင့်တတ်နေမှုကြောင့် အရောင်းအ၀ယ် အေးနေကြောင်း၊ “သ” အက္ခရာ စလစ်ဈေးမှာ ကျပ် ၁၀၂သိန်းခန့် ရှိနေပြီး၊ “သ” အက္ခရာ အောက်ကား ဈေးမှာ ကျပ် ၉၈၊ ၉၉သိန်းခန့် ရှိကြောင်းသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *