News

ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး စီမံချက် ဆေးသောက်ပြီး အော့အန်သဖြင့် ကလေးငယ်အချို့ ဆေးရုံရောက်ဟုဆို

မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၉ရက်မှ ၁၅ရက်အထိ ဆင်ခြေထောက်ရောဂါ ပျောက်ကင်းရေး စီမံချက်အဖြစ် Diethyl Carbarmazine Citrate (DEC)နှင့် Albendezole ဆေးတိုက်မှုများ ပြုလုပ်လျက်ရှိနေရာ ဆေးသောက်သုံးမှုအပြီး ကလေးအချို့ အော့အန်မှုကြောင့် ဆေးရုံတက်ရောက် ကုသရကြောင်း သိရသည်။

လက်ရှိ ရန်ကုန်ကလေးဆေးရုံကြီးတွင် စီမံချက်ဖြင့် တိုက်သည့်ဆေးများ သောက်သုံးအပြီး တက်ရောက်ကုသရသည့် ကလေးငယ်နှစ်ဦးခန့် ရှိနေကြောင်း၊ ယင်းကလေးငယ်နှစ်ဦးမှာ ဒေါပုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်မှ အသက် ၇ႏွစ္စ်အရွယ် ယောကျာ်းလေးများဖြစ်ကြောင်းနှင့် ကလေးနှစ်ဦးလုံးမှာ ဆေးသောက်ပြီး မကြာမီ အော့အန်ခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

“အခု ဆေးရုံတက်နေတဲ့ ကလေးနှစ်ဦးစလုံး ဆေးရုံကို ညနေပိုင်းလောက်က ရောက်လာတာပါ။ ရှော့ခ်ဖြစ်ပြီး ရောက်လာတာတော့ မဟုတ်ပဲ အန်လို့ရောက်လာတာပါ။ သူတို့ မိသားစုတွေကို မေးကြည့်တော့ တခြား ထူးထူးခြားခြား စားထားတာလည်း မရှိဘူးလို့ ပြောပါတယ်။ တချို့ကလေးတွေက ဆေးသောက်ရင် အန်တတ်တဲ့အကျင့်ရှိတော့ ဒါက ထူးထူးခြားခြား ဖြစ်တာမျိုးမဟုတ်ပါဘူး။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို အတိအကျ ပြောလို့မရပါဘူး။ အခု နှစ်ဦးလုံး သက်သာသွားတဲ့အတွက် ဒီညနေ ဆေးရုံက ဆင်းကြတော့မှာပါ”ဟု ရန်ကုန် ကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာမေလွင်က စက်တင်ဘာ ၁၀ရက်က ပြောကြားသည်။

ဆေးတိုက်ကျေွးရာတွင် Diethyl Carbarmazine Citrate (DEC)နှင့် Albendezole ဆေးနှစ်မျိုးပေါင်းပြီး တစ်ကြိမ်တည်း တိုက်ကျေွးခြင်းဖြစ်ကြောင်း၊ အသက်နှစ်နှစ်အောက် ကလေး၊ ကိုယ်၀န်ဆောင် မိခင်လောင်းများ၊ နှလုံးသွေးတိုး၊ ဆီးချို၊ အသည်း၊ ကျောက်ကပ်၊ ပန်းနာ စသည့် နာတာရှည်ရောဂါများ၊ ဆင်ခြေထောက် ရောဂါကြောင့် ဆေးသောက်နေရသူများ၊ အိပ်ရာထဲ လဲနေသည့် လူများမှအပ ကျန်သူများ အားလုံးကို တိုက်ခြင်းဖြစ်ကြောင်းနှင့် အသက်နှစ်နှစ်မှ ငါးနှစ်အရွယ်အထိ တစ်ခြမ်း၊ အသက် ခြောက်နှစ်မှ ၁၄နှစ်အထိ ဆေးတစ်ပြား၊ အသက် ၁၄နှစ်နှင့် အထက် ဆေးတစ်ပြားနှင့် တစ်ခြမ်းစီ တိုက်ကျေွးခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ တိုက်ခန်းမှာကျတော့ အစောင့်ဦးလေးကြီးကပဲ ဆင်ခြေထောက်ဆေးဆိုပြီး တိုက်ခန်းမှာရှိတဲ့ အခန်းတိုင်းကို လိုက်ပေးသွားတယ်။ ဘယ်ကျန်းမာရေး ၀န်ထမ်းမှ မပါဘူး။  တခြားမြို့နယ်တွေမှာတော့ ကျန်းမာရေး ၀န်ထမ်းတွေက တစ်အိမ်တက်ဆင့် လိုက်တိုက်တယ်လို့တော့ ကြားပါတယ်”ဟု ကမာရွတ်မြို့နယ်၊ ၇ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောပြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးတိုက်ရာတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာ၀တီတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်များတွင် အဆိုပါ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျေွးလျက်ရှိကြောင်း သိရသည်။

ဆေးသောက်ရာတွင် ဆေးကို အစာစားပြီးမှ သောက်ရန်လိုအပ်ပြီး ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ် မူးေ၀တတ်ကြောင်း၊ ဆေးအာနိသင်ကြောင့် ရောဂါပိုးများ သေသွားသဖြင့် ဖျားခြင်း၊ ညောင်းညာကိုက်ခဲခြင်းများ ဖြစ်ပေါ်တတ်သော်လည်း ယင်းလက္ခဏာများ ရောဂါပိုး အမြောက်အများ ရှိနေသူများ၊ ပထမအကြိမ် သောက်သုံးစဉ်တွင် ဖြစ်ပေါ်လေ့ရှိကြောင်းနှင့် ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ပါက ဆေးတိုက်သည့် အဖွဲ့နှင့် ဆက်သွယ်အကြောင်းကြားရန် လိုအပ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ညွှန်ကြားချက်များ ရှိနေသော်လည်း ယခု ဆေးတိုက်ရာတွင် သတိထားရမည့် အချက်များနှင့် ဆေးကြောင့်ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာ ရှင်းပြခြင်း မရှိသည့်အပြင် အချို့မြို့နယ်များတွင် ကျန်းမာရေး ၀န်ထမ်းများပင် မပါရှိပဲ ရပ်ကွက်တာ၀န်ရှိသူများကသာ လိုက်လံတိုက်နေသောကြောင့် ဘေးထွက်ဆိုးကျိုးများအပေါ် စိုးရိမ်နေကြရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ အိမ်ကို လာတိုက်တုန်းကတော့ ဘယ်ကျန်းမာရေး ၀န်ထမ်းမှ မပါဘူး။ ရပ်ကွက်ထဲက လူကြီးတွေက မသောက်မနေရဆိုပြီး အတင်းလာတိုက်တာပဲ။ အိမ်ရှိလူကုန် အကုန်သောက်ရမယ် ပြောတော့ ကျွန်တော့သမီးဖျားနေလို့ သောက်ပြီး တစ်ခုခုဖြစ်ရင် တာ၀န်ယူမလားလို့ မေးတော့မှ အဲဒါဆိုရင် နောက်မှ သောက်ပါလို့ ပြောသွားတယ်။ ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာလည်း သေချာပြောမသွားပါဘူး”ဟု တောင်ဥက္ကလာပမြို့နယ် ၁၁ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပြသည်။

သာကေတမြို့နယ်၊ ထူပါရုံ ၁ရပ်ကွက်တွင် နေထိုင်သော ကိုဘအေးက “ကျွန်တော်တို့ဆီတော့ မနေ့ညက လာတိုက်တယ်၊ လမ်းလူကြီးတွေပဲ။ အိမ်သားတွေကို ဘာရောဂါရှိလဲ အသက်ဘယ်လောက်လဲ မေးတယ်။ အိမ်မှာရှိတဲ့သူတွေထဲမှာ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရှိတဲ့ လူတွေမတိုက်ဘူး။ ကျွန်တော်နဲ့ မယားညီအစ်ကိုဖြစ်တဲ့ ကိုဆန်နီတစ်ယောက်ပဲ သောက်ရတယ်။ ဆေးကို မပေးခဲ့ဘူး။ သူတို့ရှေ့မှာတင် သောက်ရတယ်။ ဒီဆေးက ဒေါ်လာနဲ့ ၀ယ်ရတာတဲ့။ တချို့က ယူထားပြီး မသောက်ကြဘူးလို့ပြောတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ ဆင်ခြေထောက် ရောဂါဖြစ်ပွားမှု ပြန်လည် တွေ့ရှိနေသည့်အတွက် ဆင်ခြေထောက် ရောဂါ ကင်းေ၀းရေး စီမံချက်အဖြစ် တစ်နိုင်ငံလုံးအနှံ့ ဆေးများ တိုက်ကျေွးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားသူ ဦးရေ အနည်းငယ်မြင့်တက်နေခြင်းကြောင့် ဖြစ်ကြောင်း၊ ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO)၏ လမ်းညွှန်ချက်အရ ဆင်ခြေထောက်ရောဂါ ကင်းေ၀းရေး၊ စီမံချက်ဖြင့် ဆေးတိုက်ရန် လိုအပ်သည်မှာ မှန်သော်လည်း စနစ်တကျ မရှိသော ဆေးတိုက်ပုံ နည်းစနစ်ကြောင့် ဘေးထွက်ဆိုးကျိုးများ ရှိလာပြီး အများပြည်သူ အထိတ်တလန့် ဖြစ်ပေါ်လာနိုင်ကြောင်း အထွေထွေ ရောဂါကု ဆရာ၀န်တစ်ဦးက သုံးသပ်ပြောကြားသည်။

ဆင်ခြေထောက် ရောဂါပိုးသည် မြန်မာနိုင်ငံအတွင်းရှိ ရှမ်း၊ ကယားနှင့် ချင်းပြည်နယ်များမှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ အမြစ် တွယ်လျက်ရှိပြီး မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရောဂါတွေ့ရှိမှုနှုန်းမှာ တစ်ရာခိုင်းနှုန်းအောက် လျော့နည်းနေပြီ ဖြစ်ကြောင်း သိရသည်။

ဆင်ခြေထောက်ရောဂါသည် လူမှလူသို့ တိုက်ရိုက် ကူးစက်ခြင်းမျိုးမဟုတ်ပဲ ခြင်မှတစ်ဆင့် ကူးစက်သည့် သံကောင် (Worm Wuchereria) ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်ကြောင်း၊ ဆင်ခြေထောက် ရောဂါပိုးကို သယ်ဆောင်ထားသည့် ကျူးလက်(စ်)ဟု ခေါ်သည့် ခြင်အမျိုးအစားကြောင့် ဖြစ်ပြီး ၄င်းခြင်သည် ရေပုပ်၊ ရေသိုးမြောင်းများ၊ မလုံခြုံသော အိမ်သာကျင်းများတွင် ပေါက်ပွားလေ့ရှိကြောင်းနှင့် အရှေ့တောင်အာရှတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ကိုးနိုင်ငံ၌ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်လျက်ရှိသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး စီမံချက် ဆေးသောက်ပြီး အော့အန်သဖြင့် ကလေးငယ်အချို့ ဆေးရုံရောက်ဟုဆို

  1. Ohmmar Myo says:

    အော်အဲ ဒါကြောင့် ကလေးက အန်ချင်တယ် ပြောတာကို 🙂 🙂 🙂 🙂

Leave a Reply

Your email address will not be published. Required fields are marked *