News

တရုတ်ကလေး ၁၀ဦးမှာ ကိုးဦးက စီးကရက်တံဆိပ်များကို သိကြ

တရုတ်နိုင်ငံတွင် ကလေး ၁၀ဦးတွင် ကိုးဦးသည် စီးကရက် တံဆိပ်များကို ခွဲခြား သိနိုင်သည်ဟု စက်တင်ဘာ ၃၀ရက်က ထုတ်ပြန်သော အမေရိကန်လေ့လာရေး စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်ဟု သိရသည်။ ယင်းစစ်တမ်းသည် နိုင်ငံအသီးသီးရှိ ငါးနှစ်မှ ခြောက်နှစ်ကြား ကလေးငယ်များကို ဆေးလိပ်နှင့် ပါတ်သက်သည့် မှတ်မိနိုင်စွမ်းအား လေ့လာခြင်း ဖြစ်သည်။

Pediatrics ဂျာနယ်၏ အဆိုပါ လေ့လာမှုတွင် တရုတ်၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် ရုရှားနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။ WHOအဖွဲ့၏ မှတ်တမ်းများအရ တရုတ်နိုင်ငံတွင် အရွယ်ရောက်သူ ဆေးလိပ်သောက်နှုန်းသည် အမြင့်ဆုံးဖြစ်သည်ဟု ဆိုသည်။ ယခုစစ်တမ်းတွင် ကလေး ၂၄၂၃ဦးကို လေ့လာခဲ့ရာ ကလေး ၆၈ရာခိုင်နှုန်း သို့မဟုတ် သုံးပုံနှစ်ပုံသည် စီးကရက် တံဆိပ် တစ်ခုထက်မနည်းကို ခွဲခြားပြနိုင်ခဲ့သည်ဟု သိရသည်။

လေ့လာမှု စစ်တမ်းအရ ကလေးများကို မော်တော်ကား၊ အဖျော်ယမကာ၊ အစားအစာနှင့် စီးကရက် စသည့် ပုံများနှင့် စာကို တွဲပေးရသည့် ကစားနည်း တစ်ခုကို ကစားစေခဲ့ခြင်း ဖြစ်သည်။ “ဆေးလိပ်သောက်တဲ့သူနဲ့ အတူမနေတဲ့ ကလေးတွေကတောင် စီးကရက်တံဆိပ်တွေကို သိနေတဲ့အတွက် အံ့သြမိပါတယ်”ဟု လေ့လာရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဒီနာဘောဇီကော်စကီက ပြောကြားခဲ့သည်။

ကလေးများ၏ ပြောကြားချက်အရ ၄င်းတို့သည် ဆေးလိပ်အမှတ်တံဆိပ်များကို  ပိုစတာများ၊ လက်လီ စတိုးဆိုင်များတွင် တွေ့နေခြင်းဖြင့် သိရှိခြင်း ဖြစ်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံတွင် ကလေး ၈၆ရာခိုင်နှုန်းသည် အနည်းဆုံး စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိကြကြောင်း သိရသည်။

ရုရှားနိုင်ငံတွင်မူ ကလေး ၅၀ရာခိုင်နှုန်းသည် အနည်းဆုံး စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိကြပြီး ကလေး လေးပုံတစ်ပုံမှာ စီးကရက် အမှတ်တံဆိပ် နှစ်ခုမှ သုံးခုအထိ သိရှိကြကာ ၁၈ရာခိုင်နှုန်းသည် တံဆိပ်လေးခုနှင့် အထက်အထိ သိရှိကြကြောင်း သိရသည်။

ကလေးများ အသက်ကြီးလာလျှင် ဆေးလိပ်သောက်လိုသလားဟု မေးမြန်းခဲ့ရာ အိန္ဒိယနိုင်ငံမှ ကလေးများသည် သောက်လိုသည်ဟု ဖြေကြားမှုတွင် အမြင့်ဆုံးဖြစ်ပြီး အိန္ဒိယ ကလေးငယ် ၃၀ရာခိုင်နှုန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *