News

Sky Netက DTH Packageအသစ် စတင် ရောင်းချ

သြဂုတ်လ ၁ရက်နေ့မှ စတင်၍ စကိုင်းနက် ရုပ်သံလွှင့်မီဒီယာမှ လက်ရှိ လွှင့်နေမှုကို Package ပုံစံပြောင်းလဲ၍ SN1, SN2, SN3နှင့် HD Packageဟု သတ်မှတ်ထားသော Package ပုံစံ အသစ်လေးခုဖြင့် ပြောင်းလဲရောင်းချပေးသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၃၀ရက်နေ့က ပတ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပပြုလုပ်သော စကိုင်းနက် DTH Packageအသစ်များ မိတ်ဆက်ပွဲ၌ စကိုင်းနက်ရုပ်သံလွှင့် မီဒီယာမှ အကြီးတန်း အထွေထွေ မန်နေဂျာ ဒေါက်တာ သိန်းသန်းဦးက ပြောကြားသည်ဟု သိရသည်။

လက်ရှိ ဝယ်ယူတပ်ဆင် ကြည့်ရှုနေသော Package စနစ်သည် ယခုပြောင်းလဲရောင်းချပေးမည့် SN2ဖြစ်ပြီး လိုင်း ၇၀ပါဝင်သည်။ SN2လိုင်းကို လက်ရှိ တပ်ဆင်ထားသူများ အနေဖြင့် လိုင်း ၁၀၀ကျော်ရှိသော SN3သို့ ပြောင်းလဲ ကြည့်ရှုလိုပါက သတ်မှတ်နှုန်းထားအတိုင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ SN3 Packageတွင် လက်ရှိလိုင်း ၁၀၀ကျော်အပြင် ၈၈လိုင်း ထပ်မံ ဖြည့်သွင်း၍ ထုတ်လွှင့်ပေးသွားရန်ရှိပြီး ကမ္ဘာ့အကောင်းဆုံးလိုင်းများ အပါအဝင် စုစုပေါင်း လိုင်း ၁၀၀ကျော် ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။

SN1 Packageသည် တရားဓမ္မလိုင်းများ ပါဝင်ပြီး လိုင်းအရေအတွက် နည်းပါးသဖြင့် အဘိုးအဘွားများအတွက် ပိုမို အဆင်ပြေနိုင်ကြောင်း ဒေါက်တာသိန်းသန်းဦးက ပြောကြားသည်။ “SM1 Packageအတွက် တစ်လကို ကျပ် ၃၆၀၀ပေးသွင်းရုံပဲ။ SN2အတွက်ကတော့ ကျပ် ၁၈၀၀နဲ့ SN3ကတော့ ကျပ် ၃၂၀၀၀ကို တစ်လချင်းစီ ပေးသွင်းရမယ်။ လာမည့် သြဂုတ်လကနေပြီး ဒီ Package စနစ်တွေ စတင် ရောင်းပေးတော့မှာ ဖြစ်ပါတယ်။ နောက် HD Packageကျတော့ ရုပ်ရှင်လိုင်းနဲ့ အားကစားလိုင်းတွေကို အဓိကထားပြီး အကြည်လင်ဆုံးနဲ့ ကြည့်ရှုနိုင်မယ့် လိုင်းမျိုးပါ။ လက်ရှိ စကိုင်းနက် လိုင်းတပ်ပြီး ကြည့်နေတဲ့သူတွေက HD Package ထပ်တပ်ပြီး ကြည့်မယ်ဆိုရင်တော့ ကျပ် ၂၀၀၀၀ကျသင့်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။ လက်ရှိကာလတွင် စကိုင်းနက် ရုပ်သံလိုင်းက မန်ယူလိုင်းနှင့် လေးနှစ်စာချုပ်ထားပြီး ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ၏ National League ပွဲစဉ်များကိုလည်း နှစ်စဉ်ပြသသွားနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ ဆီးဂိမ်းအကြို လှုပ်ရှားမှုများ ဖြစ်သည့် ပြည်တွင်းအားကစား ပြိုင်ပွဲများကိုလည်း တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ပေးသွားနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

Ref: စံတော်ချိန်နေ့စဉ်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *