နေပြည်တော်တွင် ဆီးဂိမ်းနှင့် ပတ်သက်သည့် သတင်း အချက်အလက် စင်တာ တစ်ခုထားရှိ၍ ဝန်ဆောင်မှု ပေးသွားမည်ဟု ရတနာပုံ Call Center မှသိရသည်။ အဆိုပါ စင်တာကို ဝဏ္ဏသိဒိ္ဓ အားကစားရုံတွင် ထားရှိသွားမည် ဖြစ်ပြီး ဂဏန်းလေးလုံး ပါဝင်သည့် ဖုန်းလိုင်းဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “အဓိကတော့ နေပြည်တော်ကို လာတဲ့ မကျွမ်းကျင်တဲ့ အနယ်နယ် အရပ်ရပ်က ပြည်သူတွေ၊ နိုင်ငံခြား ဧည့်သည်တွေ အတွက် ရည်ရွယ်ပြီး လုပ်တာပါ။ နောက်တစ်ခုက နိုင်ငံတော် ပွဲဖြစ်တဲ့ အတွက်လည်း ပါဝင်ချင်တာပါ”ဟု Blue Ocean ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ကိုတင်ကိုကိုဝင်းက ပြောကြားသည်။
ဝန်ဆောင်မှု ပေးမည့် အစီအစဉ်များမှာ အားကစားကွင်းများ၊ သွားရောက် ကြည့်ရှုနိုင်မည့် ပွဲစဉ်များ၊ အနိုင် အရှုံး ရလဒ်များနှင့် ဟိုတယ်လမ်းညွှန် တို့ဖြစ်သည်။ “နေရာတွေနဲ့ ပတ်သက် ပြီးတော့ ဝန်ထမ်းတွေကို လေ့ကျင့် ထားပြီးသားပါ။ အင်အား ၂၅ယောက်လောက် သုံးစွဲသွားဖို့ စီစဉ် ထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယင်းဝန်ဆောင်မှုကို အောက်တိုဘာလ မှစ၍ ထားရှိသွားမည် ဖြစ်ပြီး ဆီးဂိမ်း အလွန် အာဆီယံမသန်စွမ်း ပြိုင်ပွဲအထိ ဝန်ဆောင်မှု ပေးသွား မည် ဖြစ်ကြောင်း သိရပါသည်။
လက်ရှိတွင် ရတနာပုံ Call Centerသည် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အတွက် စပွန်ဆာ ပေးသွားရန် စီစဉ်နေပြီး စပွန်ဆာ အမျိုးအစား အဖြစ် ဒေါ်လာ နှစ်သိန်းတန် Gold အမျိုးအစား ကို ပေးသွားရန် ရှိကြောင်း မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းနိုင် ကပြောကြားသည်။ ရတနာပုံ Call Center ကို ၂ဝ၁၁ ခုနှစ်တွင် စတင် ဝန်ဆောင်မှု ပေးခဲ့ပြီး လက်ရှိတွင် တစ်နေ့လျှင် စုံစမ်း မေးမြန်း မှု ၃ဝဝ နီးပါး ရှိသည်ဟု ယင်းစင်တာမှ သိရသည်။