News

ဗြိတိန်အစိုးရ ၏ စာနယ်ဇင်း စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ရန် အစီအစဉ် ရွှေ့ဆိုင်း

move

အစိုးရ ကျောထောက်နောက်ခံပြု စာနယ်ဇင်း စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းမည့် အစီအစဉ်ကို ကန့်ကွက်ကာ ဗြိတိန်သတင်းစာများက ကိုယ်ပိုင် စည်းမျဉ်း၊ စည်းကမ်း သစ်များ ပြဋ္ဌာန်းခဲ့ပြီးနောက် ဗြိတိန်အစိုးရက ယင်းတို့၏ အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ရုံးမှ မေလ ၃ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။ ယင်းစာနယ်ဇင်း စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းခွင့် ရယူရန် ဒုတိယ ဝန်ကြီးချုပ် နစ်ခ်ကလက်ဂ်က မေလ ၁၅ရက်နေ့တွင် တင်ပြရန် စီစဉ်ထားသော်လည်း ယခုအခါ ရက်အတိအကျမရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

News of the world သတင်းစာ အပါအဝင် ကမ္ဘာကျော် မီဒီယာ လုပ်ငန်းရှင် ရုပတ်မာဒေါ့ချ်၏ မီဒီယာများက ထင်ပေါ်ကျော်ကြားသူများနှင့် တော်ဝင်မျိုးနွယ်များ၏ ဖုန်းများကို တရားမဝင် ကြားဖြတ်ခိုးယူ နားထောင်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်နာမည်ကျော် သတင်းစာများ၏ တရားလွန် တစ်ဖက်စောင်းနင်း ဖော်ပြမှုများကို ထိန်းချုပ်ရန် လိုအပ်သည်ဟုဆိုကာ စာနယ်ဇင်း စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် အဓိက သုံးပါတီက ပြီးခဲ့သည့် မတ်လအတွင်း သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ဗြိတိန် အစိုးရ၏ အဆိုပါ အစီအစဉ်သည် ဗြိတိန်၏ နှစ် ၃၀၀သက်တမ်းရှိ စာနယ်ဇင်း လွတ်လပ်ခွင့်အား ခြိမ်းခြောက်မည့် တော်ဝင်လုပ်ပိုင်ခွင့်ဟု စာနယ်ဇင်း သမားများက ခေါ်ဝေါ်သမုတ်ကြကာ ကိုယ်ပိုင်စည်းမျဉ်း ဥပဒေကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ဖော်ပြခဲ့ပြီး အစိုးရ၏ အစီအစဉ်အား ကန့်ကွက်ခဲ့ကြသည်။ သတင်းစာ သမားများ၏ ယင်းကိုယ်ပိုင် စည်းမျဉ်း ဥပဒေသည် နိုင်ငံတော်၏ ပါဝင်ပတ်သက်မှု မရှိဘဲ အာဏာသက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် သတင်းစာလုပ်ငန်း အဖွဲ့တို့၏ စည်းမျဉ်းဥပဒေ နှစ်ရပ်စလုံးသည် သတင်းစာများ၏ အမှားများကို ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ဒဿမ ၆သန်းအထိ ဒဏ်တပ်နိုင်ပြီး သိသာထင်ရှားစွာ အမှားပြင်ဆင်ချက်များ ဖော်ပြစေမည် ဖြစ်သည်။ သို့ရာတွင် စောင့်ကြည့်ရေးအဖွဲ့မှ ချုပ်ကိုင်မည့် မည်သည့် ဥပဒေရေးရာကိုမျှ လက်ဆင့်မခံပဲ လွတ်လပ်စွာ ထုတ်ဖော်ပြော ကြားခွင့်ကို ခြိမ်းခြောက်နိုင်သည်ဟုဆိုကာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *