Education, Lifestyle, News

SCG က ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူ/ကျောင်းသား အယောက်တစ်ရာအား ပညာသင်ထောက်ပံ့ကြေးများကို ယနေ့ပေးအပ်ခဲ့

SCG က ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူ/ကျောင်းသား အယောက်တစ်ရာအား ပညာသင်ထောက်ပံ့ကြေးများကို ယနေ့ပေးအပ်ခဲ့

အာဆီယံဦးဆောင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် SCG က မြန်မာနိုင်ငံတွင် SCG Sharing the Dream အစီအစဉ် သုံးကြိမ်မြောက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းသူ/ကျောင်းသားအယောက်တစ်ရာအား ပညာသင်ထောက်ပံ့ကြေးများကို ယနေ့ပေးအပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် SCG အနေဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်သည့်နေရာတိုင်းရှိ လူမှုအသိုင်းအဝိုင်း အားလုံး၏ အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ရန်သံဓိဋ္ဌာန်ချထားမှု၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။ ပညာရေးဆိုင်ရာ မှတ်တမ်းကောင်းများကို ပိုင်ဆိုင်ထားပြီး မိသားစုကို ကျေးဇူးသိတတ်ကာ မိမိတို့၏လူထုအသိုင်းအဝိုင်း ကောင်းကျိုးအတွက် ကိုယ်ပိုင်အသိစိတ်ဖြင့် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားကြသည့် ကျောင်းသူ/ကျောင်းသားများကို အသိအမှတ်ပြုသည့်အနေဖြင့် အဆိုပါအခမ်းအနားကို International Business Centre (IBC) ၌ ယနေ့နံနက်တွင် ကျင်းပခဲ့ပါသည်။

ကျောင်းသူ/ကျောင်းသားများအနေဖြင့် တစ်ဦးလျှင် ပညာသင်နှစ် တစ်နှစ်စာအတွက်လိုအပ်သည့် ကျောင်းလခများနှင့် အခြားလိုအပ်မှုများကို ကာမိစေမည့် ငွေကြေးပမာဏ ကျပ်နှစ်သိန်းတစ်သောင်း (အမေရိကန်ဒေါ်လာ ၂၂၀ ခန့်) ကို လက်ခံရရှိခဲ့ပါသည်။ အဆိုပါထောက်ပံ့ကြေးပမာဏသည် ယခင်နှစ်က ပညာသင်ဆုရ ကျောင်းသူ/ကျောင်းသား များအား တစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ခဲ့သည့် ပမာဏကနေ တိုးမြှင့်ထောက်ပံ့ခြင်းဖြစ်ပါသည်။ ပညာသင်ဆုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ် ၊ မြန်မာနိုင်ငံဆိုင်ရာတော်ဝင် ထိုင်းသံရုံး၏ Minister and Deputy Chief of Mission ဖြစ်သူ Mr. Chainarong Keratiyutwong နှင့် SCG Cement Building Materials (Regional Business) ၏ ဒု-ဥက္ကဌ Mr. Aree Chavalitcheewingul နှင့် MBE၏ ဥက္ကဌ ဦးမြင်မောင်ထွန်း တို့က ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က “နိုင်ငံတော်အစိုးရရဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ မူဝါဒနဲ့ မြန်မာနိုင်ငံမှာ အရည်အသွေးမြင့်မားတဲ့ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဖို့ ရည်မှန်းချက်နဲ့အညီ ကျွန်မတို့ ကျောင်းသူ/ကျောင်းသားတွေရဲ့ ပညာရေးတိုးတက်မြင့်မားဖို့နဲ့ တက္ကသိုလ်တက်ရောက်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုကို အကူညီပေးဖို့အတွက် SCG ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကူညီထောက်ပံ့မှုတွေကို ကျွန်မတို့ အနေနဲ့ အသိအမှတ်ပြုပါတယ်။ SCG Sharing the Dream 2014 အစီအစဉ်ဖြစ်မြောက်အောင် ပါဝင်ခဲ့ကြတဲ့ SCG၊ မြန်မာနိုင်ငံဆိုင်ရာ တော်ဝင်ထိုင်းသံရုံး၊ ဆရာ/ဆရာမတွေနဲ့ အဖွဲ့အစည်းအသီးသီးကို ကျွန်မအနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်။ ဒီစီမံကိန်းဟာ လာမယ့်နှစ်ပေါင်းများစွာအထိ ဆက်လက်တည်တံ့ပြီး ဒီထက်မကတဲ့ ကျောင်းသူ/ကျောင်းသားများစွာဟာလည်း SCG ရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ သူတို့ရဲ့စိတ်ကူးအိမ်မက် တွေကို အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်မအနေ့နဲ့ မျှော်လင့်မိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“ပညာရေးဟာ အထူးသဖြင့် အာဆီယံမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့အရာ ဖြစ်တယ်ဆိုတာကို SCG အနေနဲ့ ယုံကြည်ထားပါတယ်။ ကလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်တွေကို SCG က ယုံကြည်တန်ဖိုးထားပြီး အဲဒီ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့အတွက် ကျွန်တော်တို့အနေနဲ့ အကူအညီပေးချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလတစ်လျှောက်မှာ မြန်မာနိုင်ငံက SCG Sharing the Dream ပညာသင်ဆုရ ကျောင်းသူ/ကျောင်းသား တွေအနေနဲ့ သူတို့ရဲ့ ပညာရေးအောင်မြင်မှုရရှိအောင် ကြိုးပမ်းအားထုတ်မှုကို မြင်တွေ့ခဲ့ရပြီး သူတို့ရဲ့ဖွံ့ဖြိုးတက်မှုအတွက် ပါဝင်ကူညီခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပညာသင်ဆုတွေရရှိကြတဲ့ ကျောင်းသူ/ကျောင်းသားအသစ်တွေအတွက် SCG ရဲ့ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားချင်ပါတယ်။ သူတို့ဟာ တောက်ပတဲ့အနာဂတ်နဲ့ ထိုက်တန်သူတွေဖြစ်သလို အဆင့်မြင့်ပညာရေးကို ဆက်လက်ဆည်းပူးပြီး သူတို့ရဲ့အစွမ်းအစတွေကို သူတို့ရဲ့မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် အသုံးချသွားမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်” ဟု Mr. Aree Chavalitcheewingul အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တော်ဝင်ထိုင်းသံရုံး၏ Minister and Deputy Chief of Mission ဖြစ်သူ Mr. Chainarong Keratiyutwong က “ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ SCG အနေနဲ့ ဒီပညာသင်ဆုအစီအစဉ်ကို ဆက်လက်ပြုလုပ် ခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးဝမ်းမြောက်မိပါတယ်။ ပညာရေးဟာ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်တဲ့အတွက်ကြောင့် ကျွန်တော့်အတွက်တော့ ပညာရေးဟာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တစ်ရပ်သာမဟုတ်ဘဲ လူတိုင်းရရှိသင့်တဲ့ အကြီးမားဆုံးဆုလာဘ်တွေထဲက တစ်ခုလို့ ယုံကြည်ပါတယ်။ မြန်မာကျောင်းသူ/ ကျောင်းသားလေးတွေအနေနဲ့ သူတို့ရဲ့ ပညာရေးကို ဆည်းပူးနိုင်ဖို့နဲ့ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေ ချို့တဲ့ကောင်းချို့တဲ့ နိုင်ပါတယ်။ ဒါပေမဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ဖို့နဲ့ တိုင်းပြည်ရဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာဖို့အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်သံဓိဋ္ဌာန်ကိုတော့ အပြည့်အဝ ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်” ဟု ဆိုပါသည်။

“ကျွန်တော့်ရဲ့ ပညာသင်ကြားရေး စရိတ်စကတွေကို ကာမိစေမယ့် SCG Sharing the Dream ပညာသင်ဆုကို ရရှိခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ ဝမ်းမြောက်မိပါတယ်။ ကျွန်တော့်ရဲ့ရည်မှန်းချက်က မြန်မာ့ရေကြောင်းတက္ကသိုလ်ကို တက်ရောက်ခွင့်ရဖို့ဖြစ်ပြီး တက်ရောက်နိုင်ဖို့လည်း ကျွန်တော့်အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါ” ဟု ယနေ့ ပညာသင်ဆုရရှိခဲ့သည့် ရန်ကုန်၊ ရွှေပြည်သာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ဒသမတန်းကျောင်းသား မောင်ဇင်ကိုုနိုင်က ပြောကြားပါသည်။

ယခုနှစ် SCG Sharing the Dream အစီစဉ်အတွက် SCG က ရန်ကုန်တိုင်းဒေသကြီးမှ (လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုနှင့် ကော့မှုး မြို့နယ်များ) ကျောင်းသားအယောက် ၁၀ဝ နှင့် မွန်ပြည်နယ်မှ(မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင်၊ ချောင်းဆုံ မြို့နယ်များ) ကျောင်းသားအယောက် ၁၀ဝ တို့အား စုစုပေါင်းပညာသင်ဆု ၂၀ဝ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ မွန်ပြည်နယ်တွင်ပြုလုပ်မည့် ပညာသင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့(စနေနေ့)တွင် Strand Mawlamyaing Hotel ၌ ကျင်းပမည်ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်တွင် ပညာသင်ထောက်ပံ့ကြေးများ လက်ခံရရှိခဲ့ကြပြီး ၂၀၁၄ ခုနှစ်ပညာသင်နှစ်တွင် ထူးထူးချွန်ချွန် ဆက်လက်ကြိုစားအားထုတ်ခဲ့ကြသည့် ရန်ကုန်မှ ကျောင်းသူ/ကျောင်းသား ၆ ဦးကိုလည်း သူတို့၏ ပညာရေး တိုးတက်အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် စုစုပေါင်း ကျပ် ၁၄ သိန်း ၅သောင်း ကို ထပ်တိုးပေးအပ်ချီး မြှင့်ခဲ့ပါသည်။ ယနေ့နံနက်တွင်ကျင်းပသည့် အခမ်းအနားနှင့် SCG က တည်းခင်းဧည့်ခံသည့် နေ့လည်စာအစီအစဉ် အပြီးတွင် ကျောင်းသူ/ကျောင်းသားများက သူတို့၏ပညာသင်ကြားမှုများနှင့် အနာဂတ်ဘဝအတွက် အကျိုးဖြစ်ထွန်း စေမည့် လူမှုဆက်ဆံရေးအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူဖြစ်စေမည့် အသင်းအဖွဲ့စိတ်ဓာတ် တည်ဆောက်မှုဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်များတွင်လည်း ပါဝင်ခဲ့ကြပါသည်။

SCG Sharing the Dream အစီအစဉ်သည် SCG ၏ အာဆီယံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် လာအိုတို့အပါအဝင် အာဆီယံနိုင်များမှ ကျောင်းသူ/ကျောင်းသား အယောက်ငါးထောင်ကျော်အား ပညာသင်ဆုများ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဦးဆောင် စီးပွားရေးလုပ်ငန်း ဖြစ်လာရန်အပါအဝင် ကောင်းမွန်သော လုပ်ငန်းစီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စံနမူနာတစ်ရပ်ဖြစ်လာရန် ရည်မှန်းချက်နှင့်အတူ SCG အနေဖြင့် ယခုအစီအစဉ်အား နှစ်စဉ်ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာလူထုအသိုင်းအဝိုင်းအတွက် လူမှုဘဝ အဆင့်အတန်း ပိုမိုတိုးတက် ကောင်းမွန်လာစေမည့် အခြားအစီအစဉ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *