News

မြန်မာနိုင်ငံတွင် ခွေးရူးပြန်၍ သေဆုံးသူ နှစ်စဉ် ၁၀၀၀ခန့် ရှိဟုဆို

မြန်မာနိုင်ငံတွင် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူ ဦးရေမှာ တရားဝင် ထုတ်ပြန်ချက်အရ  ၂၄၀ဦးသာ ရှိသည်ဟု ဆိုသော်လည်း နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူမှာ ၁၀၀၀ခန့် ရှိနေကြောင်း စက်တင်ဘာ ၂၈ရက်က ပြုလုပ်သည့် “ကမ္ဘာ့ ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ် ဟောပြောပွဲ”တွင် ပါမောက္ခ ဒေါက်တာ ချစ်စိုးက ပြောကြားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါ ဖြစ်ပွားသူ ၂၀၅ဦး ရှိရာ ၂၀၅ဦး သေဆုံးခဲ့ပြီး ၂၀၁၁ခုနှစ်တွင် ၂၄၀ဦး ဖြစ်ပွားပြီး ၂၄၀ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ကမ္ဘာပေါ်တွင် ခွေးရူးပြန်ရောဂါကြောင့် ၁၅မိနစ်လျင် တစ်ဦးနှုန်း သေဆုံးနေပြီး တစ်နှစ်လျှင် ၅၅၀၀၀ဝန်းကျင် အသက်ဆုံးရှုံးနေကြောင်းနှင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ၂၀၀ဦးကျော် သေဆုံးနေကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ထုတ်ပြန်ချက်များအရ သိရသည်။

တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးဆက်ပြီး လူသေဆုံးမှု မြင့်မားသည့် ရောဂါများတွင် ခွေးရူးပြန်ရောဂါမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း ၂၀၁၂ခုနှစ် အတွင်းက အာဖရိက နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ မွေးမြူရေး တိရိစ္ဆာန်များ သုတေသန ဗဟို (ILRI)မှ ထုတ်ပြန်ခဲ့သည့် ကျန်းမာရေး သုတေသန စာတမ်းအရ သိရသည်။
ခွေးရူးပြန် ရောဂါသည် Rabiesဟု ခေါ်သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ဖြစ်ပြီး ယင်းပိုး ကူးစက်ခံရလျှင် ဦးနှောက်နှင့် အာရုံကြောမကြီးသို့ ရောက်ရှိပြီး ရောဂါလက္ခဏာများ ပြလေ့ ရှိကြောင်း ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် တိရိစ္ဆာန်သွားရည်မှ တစ်ဆင့် မိမိခန္ဓာကိုယ် ပေါက်ပြဲနေသည့် အရေပြားနှင့် ထိတွေ့ခြင်း မျက်စိ၊ ပါးစပ် တစ်ခုခုအတွင်း ရောက်ရှိပါက ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါပိုးနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင်သည့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် အင်းစိန်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် စဥ့်ကိုင်မြို့နယ်တို့တွင်သာ ရှိနေသေးပြီး ရောဂါပျံနှံ့ မှုအား လေ့လာရာတွင် ယင်းဒေသနှစ်ခုမှ တွေ့ရှိချက်ကို  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ချက်ယူနေရကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံနှံ့မှု လေ့လာရေး ဌာနစုမှ  တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *