News

ဆက်သွယ်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု

ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အကြား သဘောကွဲလွဲချက် ၁၀ချက်ကို သြဂုတ်လ ၂၇ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ဆန္ဒမဲခံယူ၍ အတည်ပြုလိုက်ပြီဖြစ်သည်ဟု သိရသည်။

ဥပဒေကြမ်းတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်၏ သဘောကွဲလွဲချက်များ အပိုဒ် ၁၀ပိုဒ်ရှိရာ တစ်ပိုဒ်ချင်းစီကို ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်း ကော်မတီက သဘောထားမှတ်ချက်များ ဖြည့်စွက်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောဆန္ဒခံယူကာ ယင်းအပိုဒ်များကိ ဥပဒေကြမ်း၏ အပိုဒ်ခွဲများအဖြစ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “လွှတ်တော်နှစ်ခု သဘောထား ကွဲလွဲတာကို အတည်ပြုပြီး ကျန်တဲ့ မကွဲလွဲတဲ့ အပိုဒ်တွေက အလိုအလျောက် အတည်ပြုပြီးသား သဘော ဖြစ်နေပါပြီ။ ဒီဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်တွေရဲ့ အခန်းကဏ္ဍက ပြီးသွားပါပြီ။ သမ္မတ လက်မှတ်ထိုးဖို့ပဲ ရှိပါတော့တယ်”ဟု မဇ္ဈိမကို ပြောသည်။

ဥပဒေကြမ်း၏ အပိုဒ် ၇၂တွင် မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် ဥပဒေပုဒ်မ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြင့် ဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ ဖြည့်စွက်အကြံပြုချက်ကို ပြည်ထောင်စု လွှတ်တော်က သဘောတူညီခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အပိုဒ် ၈၆တွင် ပြည်သူ့လွှတ်တော်က လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်တစ်ရပ်ကို ဤဥပဒေအာဏာတည်သည့်နေ့မှ နှစ်နှစ်အတွင်း ဖွဲ့စည်းရမည်ဟု ပြင်ဆင်ထားပြီး အမျိုးသား လွှတ်တော်က လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် တစ်ရပ်ကို ဤဥပဒေအာဏာတည်သည့်နေ့မှ နှစ်နှစ်အတွင်း ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရမည်ဟု ပြင်ဆင်ထားသည်။ ဥပဒေကြမ်း ပူးပေါင်းကော်မရှင်က ပြည်သူ့လွှတ်တော်၏ အကြံပြုချက်အတိုင်း မှန်ကန်ကြောင်း သုံးသပ်ထားသည်။

အဆိုပါ ဆက်သွယ်ရေး ဥပဒေနှင့် ပတ်သက်၍ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က “ပုဂ္ဂလိက ကဏ္ဍဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ သူတို့ကို စနစ်တကျ ထိန်းချုပ်နိုင်ဖို့အတွက် လွတ်လပ်တဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်တစ်ရပ်လိုအပ်လာမှာ ဖြစ်ပါတယ်။ ကော်မရှင်တစ်ရပ် တည်ထောင်ဖို့အတွက် လုံလောက်တဲ့ အချိန်ဆိုရာမှာ နှစ်နှစ်ဆိုတဲ့ အချိန်ဟာ လုံလောက်တာကို တွေ့ရပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ရဲ့ အကြံပြုချက်ကို ထောက်ခံပါတယ်”ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *