News

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အာဆီယံ ဥက္ကဌ တာဝန် လွှဲပြောင်းရယူ

အာဆီယံ ဥက္ကဌရာထူးအား ပထမဆုံး အကြိမ်အဖြစ် တာဝန်ယူရန်အတွက် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁၀ရက်က ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ်ဘိုလ်ကီးယားမူအစ်ဇာဒင်ဝါဒိုနာထံမှ အာဆီယံ အလှည့်ကျ သဘာပတိတူကို လွှဲပြောင်း ရယူခဲ့သည်ဟု သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရူနိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသော အရှေ့တောင်အာရှ ထိပ်သီး အစည်းအဝေးပွဲအပြီးတွင် အလည့်ကျ အာဆီယံဥက္ကဌရာထူးကို လွှဲပြောင်းလက်ခံရယူခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၄ခုနှစ် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခံရပြီးနောက် သမ္မတကြီး ဦးသိန်းစိန်က “မြန်မာအစိုးရအနေနဲ့ အရှေ့တောင်အာရှ ဥက္ကဌလက်ထက်မှာ အဖွဲ့အစည်းအတွင်းရှိ ငြိမ်းချမ်းရေးနှင့် ဆက်ဆံရေး ကဏ္ဍများမှာ တိုးတက်မှုရှိစေဖို့ ဆောင်ရွက်သွားပါမယ်”ဟု ကတိကဝတ်ပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဌတာဝန် ထမ်းဆောင်မှုနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဥက္ကဌ ဦးခင်မောင်ဆွေက “အများကြီး ကောင်းပါတယ်။ အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံဖြစ်တော့ ဒီလို အကူးအပြောင်းကာလမှာ ဂုဏ်တက်စရာဖြစ်တယ်။ ဝေဖန်မှုတွေကတော့ ရှိမှာပါပဲ။ လက်ရှိ အစိုးရလက်ထက်မှာ အပြောင်းအလဲမှာ ထင်သာမြင်သာရှိတဲ့ ကိစ္စတွေဖြစ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လျော့ကျအောင်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ငြိမ်းချမ်းရေးကို လုံးဝ မပြီးပြတ်သေးပေမယ့် အရင်အစိုးရတွေ မလုပ်နိုင်တဲ့ ကိစ္စကို လုပ်နိုင်ခဲ့သလို စီးပွားရေးမှာလည်း အောက်ခြေပြည်သူတွေအထိ မခံစားရသေးပေမယ့် အချိန်တို အတွင်းမှာ ဆင့်ကဲ ပြောင်းလဲလာတဲ့ ဖြစ်စဉ်အရတော့ ဒီလောက်အထိပဲ လုပ်နိုင်မှာပါ။ ဝေဖန်သူတွေအနေနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွေကို ဟန်ချက်ညီညီ ကြည့်တတ်ဖို့ လိုပါတယ်။ အစိုးရကို ဝေဖန်လိုက်မှ သူရဲကောင်းဖြစ်မယ် ထင်သူတွေရှိနေသေးတယ်။ ကိုယ်ကိုယ်တိုင် ဘယ်လောက်ပြောင်းလဲသွားလဲ ပြန်ကြည့်သင့်ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။

အဆိုပါ အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လျက်ရှိသော ကုလသမဂ္ဂအထွထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော မတည်ငြိမ်မှုများအတွက် စိုးရိမ်မှုရှိကြောင်း ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြခဲ့သည်။ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ခင်ခင်ဝင်းသည် ပထမဦးဆုံးအဖြစ် နိုင်ငံတော်သမ္မတနှင့် အတူ ပြည်ပခရီးကို လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *