News

နိုင်ငံတကာမှ ပန်းချီလက်ရာများ လောကနတ်တွင် ပြပွဲပြုလုပ်မည်

တရုတ်နိုင်ငံရေးသမား အနုပညာရှင် အိုက်ဝေဝေ၏ ပန်းချီကား အပါအဝင် နိုင်ငံတကာမှ နာမည်ကျော် ပန်းချီ အနုပညာရှင်များ၏ ပန်းချီကားများ ပြသမည့် ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းတွင် အောက်တိုဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲကို စင်ကာပူနိုင်ငံရှိ Gajah Galleryမှ စီစဉ်ပြုလုပ်ခြင်း ဖြစ်ကာ ပန်းချီပြပွဲတွင် အိုက်ဝေဝေ၏ ပန်းချီကား အပါအဝင် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများမှ ပန်းချီဆရာ ခုနှစ်ဦး၏ ပန်းချီကားများ ပြသသွားမည် ဖြစ်ပြီး ပြပွဲအမည်မှာ Lawkanet-Ground Zero Art Exhibitionဟု အမည် ပေးထားကြောင်း သိရသည်။

“ပြပွဲကို မြန်မာနိုင်ငံရဲ့ လောကနတ် ပြခန်းမှာ လုပ်ဖို့ ရွေးချယ်ရခြင်း အကြောင်းကတော့ လောကနတ် ပန်းချီပြခန်းရဲ့ သမိုင်းကြောင်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို စိတ်ဝင်စားမိလို့ပါ။ ရှေးကျတဲ့အဆောက်အအုံဖွဲ့စည်းမှုတွေနဲ့အတူ သမိုင်းကြောင်းဆိုင်ရာ စိတ်ခံစားချက်တွေနဲ့ အနုပညာဖန်တီးမှုတွေကို တစ်ပြိုင်နက်တည်း ခံစားနိုင်ပြီး အဲဒီလို ရရှိမယ့် ခံစားမှုတွေကိုလည်း စိတ်ဝင်စားပါတယ်”ဟု စင်ကာပူနိုင်ငံ Gajah Galleryမှ မန်နေဂျာ Christiaanက ပြောပြခဲ့သည်။

“ပန်းချီပြပွဲမှာ မြင်တွေ့ရခဲတဲ့ ပန်းချီကားကြီး အမျိုးအစားတွေနဲ့ နိုင်ငံတကာက ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ကြည့်ရူရမှာပါ။ သူတို့က လောကနတ်ပြခန်းကို အဓိကထား ဦးတည်ပြီး ပြပွဲလာလုပ်တာလို့ ပြောပါတယ်။ တရုတ်နိုင်ငံရေးသမား အနုပညာရှင် အိုက်ဝေဝေရဲ့ ပန်းချီကား တစ်ကားပါမယ်လို့လည်း သိရပါတယ်။ ပြပွဲရက်က နဂိုသတ်မှတ်ထားတာတော့ အောက်တိုဘာ ၁၇ရက်ကနေ ၂၄ရက်အထိလို့ လုပ်ထားတာ။ ပန်းချီကားတွေ သယ်တာမှာ နည်းနည်း အခက်အခဲဖြစ်နေလို့ ရက်ကို အတိအကျ ပြောလို့မရသေးဘူး ဖြစ်နေတယ်။ ပန်းချီကားတွေရောက်တာနဲ့ ပြပွဲလုပ်သွားမှာပါ”ဟု လောကနတ်မှ မန်နေဂျာ ကိုအောင်မြင့်ထွန်းက ပြောကြားသည်။

လောကနတ် ပန်းချီပြခန်းတည်ရှိသည့် အဆောက်အအုံသည် ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်ကာ ၁၉၀၆ခုနှစ်တွင် ဘဂ္ဂဒက်မြို့သား ဂျူးကုန်သည်တစ်ဦးက တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ လောကနတ်ပန်းချီပြခန်းကို ၁၉၇၁ခုနှစ်တွင် ဦးဘသန်း(ဓမ္မိက)နှင့် ဦးရဲထွန်းတို့က စတင်တည်ထောင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *