News

အစိုးရ တစ်ဖွဲ့လုံး ကိုယ်ကျင့်တရား စောင့်ထိန်းရန် သမ္မတကြီး တိုက်တွန်း

အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားကြရန် သြဂုတ်လ ၁၄ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားခဲ့သည်ကို တွေ့ရသည်။

ယင်းအခမ်းအနားသည် အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စု အဆင့် ဒုတိယဝန်ကြီးများနှင့် ၎င်းအဆင့်ရှိ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ ရာထူးဝင် အဖွဲ့ဝင်များ ကတိသစ္စာ ခံယူကြသည့် အခမ်းအနားဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က “ပြည်သူတွေဟာ ကျွန်တော်တို့ နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်လိုကြပါတယ်။ နောက်တစ်ခုက လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက် ဖြစ်ပြီး ပြည်သူရဲ့ ဆန္ဒတွေကို အောင်မြင်အောင် ဆောင်ရွက်ပေးရေးဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေ လုပ်ကြရမလဲဆိုရင် တိုင်းပြည် တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးဖို့အတွက် နိုင်ငံရေး တည်ငြိမ်အောင် လုပ်ရပါမယ်”ဟု ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ကျန်ရှိသည့် လပေါင်း ၃၀သက်တမ်းအတွင်း ပြည်သူများ တိုက်ရိုက် ခံစားလိုသော ရေကောင်း ရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင်ပြေစေရေး၊ အလုပ်အကိုင် ရရှိရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ကြရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ရမည့်  လုပ်ငန်းများကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် ဝိုင်းဝန်းပြီး လုပ်ကြရန် လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။ အထက်ပါ လုပ်ငန်းများသည် ပြည်သူများ၏ ဆန္ဒနှင့် မျှော်မှန်းချက်ဖြစ်သည့်အပြင် အစိုးရအဖွဲ့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်ဖြစ်သောကြောင့် လုပ်ငန်းများ အောင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလက်ညီ ဝိုင်းလုပ်ကြဖို့ လိုအပ်ကြောင်းလည်း သမ္မတက ပြောကြားသည်။

နိဂုံးချုပ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အစိုးရတစ်ဖွဲ့လုံးအား “တစ်ဦးချင်း တာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့အခါမှာ စေတနာအလျောက် လုပ်မှားကိုင်မှား ဖြစ်တတ်တာ ရှိပါတယ်။ အဲဒီလို လုပ်မှားကိုင်မှားတွေကို စေတနာအလျောက် မှားယွင်းတာတွေကို ပြုပြင်ပေးမှာ ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေး ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ရာထူးတိုးမြှင့် ခံထားရသူများသည် ရာထူးတိုးမြှင့် ခန့်အပ်ခံရခြင်းနှင့်အတူ နိုင်ငံ့တာဝန်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ တာဝန်များအပြင် တစ်ဦးချင်း လိုက်နာ စောင့်ထိန်းရမည့် တာဝန်များကိုလည်း တိုးမြှင့်ယူကြရမည်ဟု သမ္မတမိန့်ခွန်းတွင် ပါရှိသည်။

ထိုကဲ့သို့ အစိုးရအဖွဲ့ဝင်များ အပြောင်းအလဲ ပြုလုပ်ခြင်းအပေါ် ပြည်သူများ၏ အမြင်များနှင့် ပတ်သက်၍ လူအပြောင်းအလဲ ပြုလုပ်ရာတွင် လုပ်ငန်းအပေါ်မှာရော ပြည်သူနဲ့ ပတ်သက်မှု အပေါ်မှာပါ ပြောင်းလဲမှု ထူးထူးခြားခြား မတွေ့ရသေးကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် လူရော မူရော ကောင်းဖို့ လိုကြောင်း၊ လူမှန် နေရာမှန် မဖြစ်သရွေ့ ကြိုက်သလောက်ပြောင်း ထိုနည်းလည်းကောင်းပဲ ဖြစ်နေဦးမှာ ဖြစ်ကြောင်း၊ ဝန်ကြီးတွေ ခဏခဏ အပြောင်းအလဲ ဖြစ်နေတာနဲ့ ပတ်သက်ပြီး သဘောသိပ်မတွေ့ကြောင်း၊ ဒီလို ဟိုပြောင်းလိုက် ဒီပြောင်းလိုက် လုပ်နေသည့် ကိစ္စများသည် ဌာနအတွက် အကျိုးမရှိကြောင်း၊ ဌာနအတွက် အကျိုးမရှိလျှင် သေချာသည်က ပြည်သူလူထုအတွက်လည်း အကျိုးရှိမှာ မဟုတ်ကြောင်း၊ ဟိုလူကတစ်မျိုး၊ ဒီလူက တစ်မျိုးနှင့် ပြည်သူတွေက သက်ဆိုင်ရာ ဌာန၏ ထိရောက်သည့် ဝန်ဆောင်မှုကို ခံစားရမှာ မဟုတ်ကြောင်း၊ ဝန်ကြီးတွေ ဘယ်လောက် ပြောင်းပြောင်း အောက်ခြေ ဝန်ထမ်းတွေအနေဖြင့်မူ မိသားစု စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေရမြဲဖြစ်ကြောင်း၊ အိမ်စရိတ် ကျောင်းစရိတ်တွေအတွက် အမြဲပူပန်နေရပြီး သက်တမ်းစေ့ နေဖို့အတွက်တောင် အသက်ရှုရတာ ပိုမိုမွန်းကြပ်လာကြောင်း စသဖြင့် ပြည်သူများ၏ အမြင်များကို ကြားသိခဲ့ရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *