စက်တင်ဘာ ၂၁ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် Peace Music Groupမှ ငြိမ်းချမ်းရေး တေးဂီတဖျော်ဖြေပွဲတစ်ခုဖြစ်သည့် The Biggest Orchestra Concert in Myanmarကို ရန်ကုန်အမျိုးသား ကဇာတ်ရုံတွင် စက်တင်ဘာ ၂၃ရက် ညနေ ၆နာရီ၌ ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ပွဲမှရရှိသည့် အကျိုးအမြတ်များကို မငြိမ်းချမ်းသည့်ဒေသများနှင့် စစ်ဘေးသင့် ဒေသများရှိ ဒုက္ခသည်များထံသို့ လှူဒါန်းသွားမည်ဟု သိရသည်။
“အစိုးရကိုပဲ ထိုင်မျှော်နေမှ ငြိမ်းချမ်းရေး ရတာမဟုတ်ပဲ တစ်ဦးတစ်ယောက်စီရဲ့ ရင်ထဲက ချစ်ခြင်းမေတ္တာတွေနဲ့ ငြိမ်းချမ်းရေးကို ရှာဖွေတွေ့ရှိ သူများအတွက် ငြိမ်းချမ်းရေးကို ပေးနိုင်မှာပါ။ နိုင်ငံရေး လုပ်တာမျိုးမဟုတ်ပဲ အနုပညာနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်တာဖြစ်လို့ အခုလုပ်မယ့်ပွဲက ရရှိတဲ့ ငွေတွေကို လှူဒါန်းသွားမှာပါ”ဟု Peace Music Groupမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
MMK Band, One Love Band, Justus, AOC Orchestraနှင့် Peace Music Group မှ လူငယ်များ ပါ၀င်ဖျော်ဖြေကြမည်ဖြစ်ပြီး ဧည်သည့် အဆိုတော်များအဖြစ် ဇော်၀င်းထွဋ်၊ မီးမီးခဲနှင့် စောဖိုးခွားတို့ ပါ၀င်သီဆိုဖျော်ဖြေမည်ဟု သိရသည်။ Peace Music Groupန့ဲ ပတ်သက်တဲ့ ဘယ်ပွဲမဆို ပါ၀င်လေ့ရှိပါတယ်။ ကျွန်တော်ပါ၀င်ခဲ့တဲ့ ပွဲတွေမှာဆိုရင်လည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ Message လေးတွေ ပေးပါတယ်။ ငြိမ်းချမ်းရေး လုပ်ဆောင်ချက် ဖျော်ဖြေရေးတစ်ခုကို လူငယ်တွေနဲ့အတူ ပြုလုပ်မှာပါ”ဟု Reggae အဆိုတော် ဖိုးခွားက ဆိုသည်။
အဆိုပါပွဲ၌ အနုပညာ တင်ဆက်မှုများကို မတူကွဲပြားသော စိတ်ကူးအသစ်အဆန်းများဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ ကျပ် ၅၀၀၀၊ ကျပ် ၈၀၀၀နှင့် ကျပ် ၁၀၀၀၀ သတ်မှတ်ထားသည်ဟု သိရပါသည်။