News

ကမ္ဘာ့အဆင့်မီသော အရည်အသွေးမြင့် ၀န်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်လာပေးမည့် Ooredoo

Q Tel (Ooredoo)

မြန်မာနိုင်ငံအစိုးရက နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ချပေးလိုက်သော ဆက်သွယ်ရေး ၀န်ဆောင်မှု လိုင်စင်နှစ်ခုအတွက် တစ်ခုကို ကာတာ နိုင်ငံအခြေဆိုက် Q Tel (Ooredoo)က တင်ဒါ အောင်မြင်သွားပြီ ဖြစ်ကြောင်း တယ်လီကွန်း အော်ပရေတာ တင်ဒါ အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ ဇွန်လ ၂၇ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

Ooredooသည် မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင် ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားထားသော ကုမ္ပဏီ ဖြစ်ပြီး အဆိုပါ ပမာဏမှာ ဝင်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီများထဲတွင် ငွေကြေးပမာဏ အများဆုံး ဖြစ်သည်။ ယင်းကုမ္ပဏီသည် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အရှေ့တောင် အာရှဒေသများရှိ ဈေးကွက်နယ်ပယ်များစွာတွင် လုပ်ကိုင် ဆောင်ရွက်နေသော အကြီးမားဆုံးနှင့် အရှိန်အဟုန် အမြင့်ဆုံးသော စီးပွားရေး လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ Qatar Exchange နှင့် Abu Dhabi Exchangeတို့၏ ဖော်ပြချက်အရ Ooredooသည် ဈေးကွက် ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလျံရှိပြီး ၂၀၁၂ ခုနှစ်တွင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၉.၃ ဘီလျံရှိကြောင်း သိရသည်။ Ooredoo၏ ၀န်ဆောင်မှုကို လက်ရှိ သုံးစွဲသူပေါင်း ၉၁ သန်းကျော်က နှစ်ခြိုက်စွာ အားပေးလျက်ရှိပြီး Ooredooသည် လူသားတို့၏ ဘ၀အဆင့်အတန်းကို တိုးမြှင့်ပေးမည်ဟု ရည်ရွယ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် လူထုအခြေပြု စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သည်။ ထို့ပြင် Ooredooသည် ဆက်သွယ်ရေး နည်းပညာ၏ စွမ်းအားဖြင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်သွားမည်ဆိုသော ယုံကြည်ချက်ဖြင့် လျှောက်လှမ်းနေသော ဆက်သွယ်ရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

Ooredoo သည် အာဆီယံဒေသအတွင်း ဆက်သွယ်ရေးဆိုင်ရာ၀န်ဆောင်မှုနယ်ပယ်အသီးသီးတွင် ထူးခြားကောင်းမွန်သော အတွေ့အကြုံများစွာကို လည်းရရှိထားပြီး Ooredoo၏ အာဆီယံ ဒေသတွင်းအကြီးဆုံး လုပ်ငန်းခွဲမှာ အင်ဒိုနီးရှားနိုင်ငံရှိ Indosat မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကြီး ဖြစ်သည်။ Ooredooသည် ပမာဏများပြားသော ရင်းနှီးမြှုပ်နှံမှုများဖြင့် အရှိန်အဟုန်ကြီးမားသော ဆက်သွယ်ရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လာခဲ့ပြီး ဒေသတွင်း သုံးစွဲသူ ၅၈.၅ သန်း ရှိသည်ဟု သိရသည်။

Ooredooသည် STT ဆက်သွယ်ရေး လုပ်ငန်းနှင့်လက်တွဲပြီး သုံးစွဲသူ အမြောက်မြားနှင့် စီးပွားရေးလုပ်ငန်း အများအပြားကို ၀န်ဆောင်မှု ပေးနေသည့် စင်ကာပူနိုင်ငံ၏ နည်းပညာအမြင့်ဆုံး ဆက်သွယ်ရေး၀န်ဆောင်မှု လုပ်ငန်းဖြစ်သော Starhub၏ အင်အားကောင်းသော ရင်နှီးမြုပ်နှံသူ စီးပွားဖက် ဖြစ်သည်။ ထို့အပြင် STT နှင့် ပူးပေါင်းပြီး လာအိုနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းဖြစ်သော LTC နှင့်လည်း ရင်နှီးမြှုပ်နှံသူ စီးပွားဖက် ဖြစ်လာခဲ့သည်။ အင်တာနက်၀န်ဆောင်မှု၏ အရေးပါသော အခန်းကဏ္႑ကို မြှင့်တင်သည့်အနေဖြင့် Ooredoo သည် ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်း Wi-Tribe နာမည်ဖြင့် မြန်နှုန်းမြင့် အင်တာနက် ၀န်ဆောင်မှုများ ဖြည့်ဆည်းပေးလျက် ရှိသည်။

Ooredooသည် ၄င်း၏ ပြည်တွင်း ပြည်ပအတွေ့အကြုံများနှင့် ဗဟုသများကို မြန်မာနိုင်ငံအတွင်း ယခင်နှင့်မတူသော မိုဘိုင်းကွန်ယက်အသစ်တစ်ခုကို ဖန်တီးသည့် အခန်းကဏ္႑နှင့် သုံးစွဲသူများထံ လွယ်ကူပြီး ဆန်းသစ်သောအရာများ ပို့ဆောင်ပေးသည့် အခန်းကဏ္႑တွင် ထိရောက်စွာ အသုံးချသွားမည် ဖြစ်သည်အပြင် Ooredoo၏ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည် ဖြစ်ပြီး ၄င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်းဖြန့်ချိရေး၊ ၀န်ဆောင်မှုလုပ်ငန်းစသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ဆိုသည်။

Ooredooသည် ယခုရရှိသော လုပ်ငန်းလိုင်စင်နှင့်ပတ်သက်၍ အသေးစိတ် သဘောတူညီမှုရရှိရန် မြန်မာအစိုးရနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆွေးနွေးမှု ပြီးစီးသည်နှင့် တပြိုင်နက် Ooredooသည် ဆက်သွယ်ရေးကွန်ယက်များ စတင် တည်ဆောက်ရန် နည်းပညာပိုင်းဆိုင်ရာပြင်ဆင်မှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ooredoo၏ဥက္ကဌ Mr. Sheikh Abdullah Bin Mohammed Bin Saud Al-Thaniက “မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မှီ ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်သွားဖို့် လုပ်ပိုင်ခွင့် လိုင်စင်ရရှိသွားတဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ မြန်မာနိုင်ငံအစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ မျှော်လင့်ပါတယ်။ Ooredoo အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ယက် ပိုမိုကောင်းမွန်စေဖို့အတွက် အာဆီယံ ဒေသတွင်းမှာ ရရှိခဲ့တဲ့အတွေ့အကြုံတွေကို ယူဆောင်လာမှာပါ။ Ooredoo ဟာ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ကြီးထွားမှုနှုန်း အမြန်ဆုံး ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ပဏီများထဲက တစ်ခုဖြစ်ခဲ့ပြီးတော့ အာဆီယံနိုင်ငံများအတွင်း ဆောင်ရွက်ခဲ့မှုများဟာ အခုလိုကုမ္ပဏီကြီးထွားလာဖို့အတွက် အဓိကကျတဲ့အပိုင်းက ပါ၀င်ခဲ့ပါတယ်။ Ooredoo ဟာ ဆက်သွယ်ရေး ကွန်ယက်တွေကို အသုံးပြုရ လွယ်ကူအောင်၊ အသုံးပြုသူတွေ အဆင်ပြေအောင်၊ လူသားတွေရဲ့ လူမှုဘ၀တွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredooရဲ့ အဓိကဈေးကွက်ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။”ဟု ပြောကြားခဲ့ပါသည်။

QatarTelecom (Qtel) Q.S.C. (Ooredoo)ဟု မူလက လူသိများသော Ooredoo Q.S.S ဆက်သွယ်ရေး လုပ်ငန်းသည် အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနှင့် အရှေ့တောင် အာရှဒေသများရှိ သုံးစွဲသူများနှင့် စီးပွားရေး လုပ်ငန်းများအတွက် မိုဘိုင်းဆက်သွယ်ရေး၊ ကြိုးလိုင်းတယ်လီဖုန်းဆက်သွယ်ရေး၊ မြန်နှုန်းမြင့် အင်တာနက်နှင့်အခြား ဆက်သွယ်ရေး ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည်။ လူထုအခြေပြု ကုမ္ပဏီတစ်ခု ဖြစ်သည်နှင့်အညီ Ooredoo သည် ဆက်သွယ်ရေး နည်းပညာ၏ စွမ်းအားဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်သွားမည်ဆိုသော ယုံကြည်ချက်ဖြင့် လျှောက်လှမ်းနေသော ဆက်သွယ်ရေး လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

လက်ရှိအနေဖြင့် Ooredooသည် ကာတာ၊ ကူ၀ိတ်၊ အိုမန်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ အီရတ်၊ ပါလက်စတိုင်း၊ မော်လဒိုက်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် အခိုင်အမာ ဈေးကွက်ရယူထားပါသည်။ Ooredoo အနေဖြင့် ၂၀၁၂ခုနှစ်တွင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၉.၃ ဘီလျံ ရှိခ့ဲပြီး ၂၀၁၃ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ လေ့လာချက်အရ Ooredoo၏ ၀န်ဆောင်မှုကို လက်ရှိ သုံးစွဲသူပေါင်း ၉၁ သန်းကျော်က နှစ်ခြိုက်စွာ အားပေးလျက် ရှိသည်။ Ooredoo၏ ေ၀စုရှယ်ယာများသည် Qatar Exchange နှင့် Abu Dhabi Securities Exchangeတို့တွင် ထိပ်တန်းမှ နေရာယူလျက် ရှိကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *