News

ယခုဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး GSMနှင့် UMTS တစ်သန်း တိုးချဲ့တပ်ဆင်မည်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်၊ တိုင်း ဒေသကြီး အားလုံးတွင် GSMနှင့် UMTS စနစ်တစ်သန်း တိုးချဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက သြဂုတ်လ ၁၂ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၂၀ရက်မြောက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

“ရခိုင်ပြည်နယ်ရှိ မြို့များတွင် တာဝါတိုင် အသေးစားနှင့် အလတ်စားများကို သင့်တော်ရာ တောင်ပေါ်၊ တောင်ကုန်းများတွင် ထပ်မံ စိုက်ထူပေးရန် အစီအစဉ် ရှိ၊ မရှိ” မန်အောင် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအောင်စိန်၏ မေးခွန်းတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ ယင်းအစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် မေးခွန်းသုံးခုကို ဒုတိယဝန်ကြီးက ဖြေကြားရာ၌ “ဆက်သွယ်ရေးအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် တယ်လီဖုန်း သိပ်သည်းဆ မြင့်မားလာစေရန် စီမံကိန်းချ ဆောင်ရွက်လျက် ရှိပါတယ်။ ဒေသတွေကိုလည်း ကွင်းဆင်း လေ့လာပြီး သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ အသေးစိတ် ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟုလည်း ထည့်သွင်း ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် GSM ရေဒီယိုစခန်း ခြောက်ခု တပ်ဆင်ရန် လျာထားကာ မိုဘိုင်းရေဒီယို စခန်းများလည်း တိုးချဲ့ရန် စီစဉ်ဆောင်ရွက်နေပြီး ကျွမ်းကျင် ပညာရှင်များနှင့် မြေပြင် အခြေအနေကို တိုင်းတာကာ လိုအပ်သော တာဝါတိုင်များအား စိုက်ထူလျက် ရှိသည်ဟု ဒုဝန်ကြီးက ပြောကြားသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၈ခုတွင် GSM ရေဒီယို စခန်းပေါင်း ၄၇ခု တည်ဆောက်ထားရှိပြီး ရခိုင်ပြည်နယ်ရှိ တာဝါတိုင် အများစုသည် ၄၂မီတာတိုင်ရှည်များ ဖြစ်သည်ဟုလည်း ဒုဝန်ကြီး၏ ဖြေကြားချက်အရ သိရှိရသည်။ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းများကို ယခင်က ဝန်ကြီးဌာနအနေဖြင့်သာ လုပ်ကိုင်ခဲ့ရာမှ ဇွန်လအတွင်းက ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုကို မိုဘိုင်းဖုန်း လုပ်ငန်းများ ဝန်ဆောင်မှု ပေးနိုင်ရန် ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *