News

ဆီးရီးယားကိုတိုက်ဖို့ အိုဘာမားရက်ရွှေ့

သမ္မတဘားရက် အိုဘားမားက ဆီးရီးယား သမ္မတ ဘာရှားအယ်လ်အာဆတ်၏ အစိုးရကို ပြစ်ဒဏ်ပေးမည့် ဒုံးကျည်ဖြင့် တိုက်ခိုက်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု ပြုသည်ဟူသော စွပ်စွဲချက်ဖြင့် ဆီးရီးယား အစိုးရအား အရေးယူရေးအတွက် လွှတ်တော်မှ ထောက်ခံမှုရရှိရန် ကြိုးပမ်းမည်ဟူ၍ ထုတ်ဖော်ပြောဆိိုခဲ့ပြီးနောက် ယခုကဲ့သို့ အစဉ်အလာနှင့် ဆန့်ကျင်သော အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းမှာ အားလုံးကို အံ့အားသင့်စေခဲ့သည်ဟု ဆိုသည်။

စင်စစ်အားဖြင့် စစ်ရေးအရ အရေးယူဆောင်ရွက်မှုကို လွှတ်တော်အမတ်များ အားလပ်ရက် အနားယူရာမှ ပြန်လာချိန် အနည်းဆုံး စက်တင်ဘာ ၉ရက်အထိ ရွှေ့ဆိုင်းထားမည်ဟု ဆိုသည်။ သို့ရာတွင် သမ္မတအိုဘားမား အနေနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ဂရုမထားပဲ တိုက်ခိုက်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အိမ်ဖြူတော် အရာရှိတစ်ဦးကမူ ရပ်နားထားသည့် အချိန်အတွင်း နိုင်ငံတကာမှ ထောက်ခံအားပေးမှုရှိရန် အိုဘားမားအနေနှင့် ဆောင်ရွက်နိုင်မည့် အချိန် ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ရက်က ကိုင်ရိုတွင် အာရပ်အဖွဲ့ချူပ်၏ တွေ့ဆုံဆွေးနွေးပွဲ၌ သမ္မတအာဆတ်ကို ပြစ်တင် ရှုတ်ချမည်ဟု မျှော်လင့်ကြောင်း သိရသည်။ လာမည့် ရက်သတ္တပတ်တွင် ဆီးရီးယား အကြပ်အတည်း အရေးကိစ္စက လွှမ်းခြုံနေမည့် ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့် ရုရှားနိုင်ငံသို့ အိုဘားမား တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတအိုဘားမားအနေနှင့် ဆီးရီးယားအား စစ်ရေးအရ အရေးယူရန် ဗြိတိသျှပါလီမန်တွင် မဲခွဲဆုံးဖြတ်ရာ၌ ၀န်ကြီးချူပ် ဒေးဗစ်ကင်မရွန်း ကြုံတွေ့ခဲ့ရသော ကန့်ကွက်မှုအဖြစ်မျိုးနှင့် အလားတူ ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း၊ လေ့လာအကဲခတ်သူတို့က သတိပေးခဲ့သည်ဟု ဆိုသည်။ အိမ်ဖြူတော် ရိုစ့်ဂါးဒင်းတွင် မိန့်ခွန်းပြောကြားမှု အတောအတွင်း သမ္မတအိုဘားမားက တိုက်ခိုက်မှုအတွက် မည်သည့်အချိန်တွင် တိုက်ခိုက်သည်ဖြစ်စေ၊ တိုက်ခိုက်ရန် ပြင်ဆင်ထားမည်ဖြစ်ကြောင်း၊ တိုက်ခိုက်မည့် အချိန်သည် မနက်ဖြန် (သို့မဟုတ်) နောက်ထပ်ရက်သတ္တပတ် (သို့မဟုတ်) နောက်တစ်လလည်း ဖြစ်သွားနိုင်ကြောင်း သမ္မတ အိုဘားမားက ထည့်သွင်းပြောကြားသွားခဲ့ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု၏ တိုမာဟော့ ဒုံးကျည်များ တပ်ဆင်ထားသည့် စစ်သဘောၤ ငါးစင်းခန့်သည် အရှေ့မြေထဲ ပင်လယ်တွင် ဆီးရီးယား အစိုးရပစ်မှတ်များကို အတိအကျ ထိမှန်အောင် ပစ်ခတ်ရန် အသင့်ရှိနေသည်။ အလားတူပင် ပြင်သစ်နိုင်ငံကလည်း အမေရိကန် ပြည်ထောင်စုနှင့် ဆုံးဖြတ်ချက် တစ်သားတည် ရှိနေမည်ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “ဆီးရီးယားကိုတိုက်ဖို့ အိုဘာမားရက်ရွှေ့

  1. ရွှေ့  မ နေနဲ့ ချတာချဂျ

Leave a Reply

Your email address will not be published. Required fields are marked *