News

လိုင်စင်မဲ့ကားများ တရားမဝင် စခန်း ၄၀မှ ဝင်ရောက်နေ

myanmar cars

မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်စခန်း ၄၀မှ လိုင်စင်မဲ့ကားများ ဝင်ရောက်နေကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကို တရားမဝင် နယ်စပ်လမ်းကြောင်းများ ဖြစ်သည့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီနယ်စပ်များရှိ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် ဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဇူလိုင်လ ၂၃ရက်နေ့က ကျင်းပပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။

တရားမဝင် လိုင်စင်မဲ့ကားများကို ထိုင်း-မြန်မာ နယ်စပ်ရှိ မရမ်းချောင် ကန့်သတ် ကုန်ပစ္စည်း စစ်ဆေးရေး ဂိတ်မှာ အများဆုံး ဖမ်းဆီးရမိကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားသည်။ ဇူလိုင်လ ၂၃ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် တနင်္သာရီတိုင်း ဒေသကြီး အမှတ် – ၁၂မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်း၏ ပြည်တွင်းသို့ ဝင်ရောက်လာသော လိုင်စင်မဲ့ကားများမှာ နယ်စပ် ဂိတ်များမှ လည်းကောင်း၊ တရားမဝင် နယ်စပ်ဂိတ်များမှလည်းကောင်း ဝင်ရောက်ခြင်းကို သိရှိခြင်း ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း တရားမဝင် လိုင်စင်မဲ့ ကားများ ဝင်ရောက်လျက်ရှိသော လမ်းကြောင်းများမှာ ကချင်ပြည်နယ်တွင် ၅ခု၊ ကယားပြည်နယ်တွင် ၂ခု၊ ကရင်ပြည်နယ်တွင် ၁၇ခု၊ ရှမ်းပြည်နယ်တွင် ၁၂ခုနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ၄ခုတို့ ဖြစ်ကြောင်း သိရပါသည်။ ၎င်းအပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ငြိမ်းချမ်းရေး တပ်ဖွဲ့များကို မော်တော်ယာဉ်လိုင်စင်များ ထုတ်ပေးပြီး ဖြစ်ရာ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ အနေဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ စီးနင်းပါက တရားဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်သည်ဟု ပြောကြားသည်။ တရားမဝင် လိုင်စင်မဲ့ယာဉ်များနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၁ခုနှစ်မှ ၂၀၁၃ခုနှစ် ဧပြီလအထိ ၁၀၉၉စီး ဖမ်းဆီး အရေးယူခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ဘဏ္႑ာရေး ဝန်ကြီးဌာနအနေဖြင့် တရားမဝင် လိုင်စင်မဲ့ ယာဉ်များကို ၂၀၁၁-၂၀၁၂ ဘဏ္႑ာနှစ်တွင် ၁၂၉စီး၊ ၂၀၁၂-၂၀၁၃ ဘဏ္႑ာနှစ်တွင် ၁၈စီးကို ပြည်သူ့ဘဏ္႑ာအဖြစ် သိမ်းဆည်းခဲ့ကြောင်း လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးစိုးမြင့်က “မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ လိုင်စင်မဲ့ ကားတွေက သောင်းနဲ့ချီပြီးရှိတယ်။ အခု ပြည်တွင်းမှာ ကားဈေးတွေက သိန်းရာကျော်နေတဲ့အတွက် ဈေးနှုန်းအရ သက်သာတဲ့ နယ်စပ်က ကားတွေကိုပဲ တင်သွင်းပြီးတော့ သယ်ယူပို့ဆောင်ရေးအတွက် သုံးနေရတယ်”ဟု သုံးသပ်ပြောကြားသည်ဟု ဆိုသည်။ တရားမဝင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ၂၀၀၄-၂၀၀၅ ဘဏ္႑ာနှစ်မှ စတင်ကာ ၂၀၁၁-၂၀၁၂ခုနှစ် ဘဏ္႑ာနှစ်အတွင်း ဖမ်းဆီးရမိမှု တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၇၀၀၀ကျော်ဖိုးရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်ဟု ရန်ကုန်တိုင်းမ် နေ့စဉ်တွင် ဖော်ပြထားပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *