News

ကျပ်သိန်း ၅၀၀အထက် ဘဏ်အပ်နိုင်သူ တစ်ရာခိုင်နှုန်း မရှိသော်လည်း ဘဏ်အပ်ငွေကျပ် ဘီလျံ ၄၆၂၀ကျော်ရှိ

myanmar economic bank

မြန်မာနိုင်ငံရှိ ဘဏ်သို့ ငွေအပ်နှံသူများအထဲတွင် ငွေကျပ် သိန်း ၅၀၀အထက် အပ်နိုင်သူများမှာ ငွေအပ်နှံသူ ဦးရေ စုစုပေါင်း၏ တစ်ရာခိုင်နှုန်းပင် မရှိကြောင်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်ဟု သိရသည်။ ဇူလိုင်လ ၂၄ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ဘဏ်အပ်ငွေအပေါ် ဘဏ်တိုးနှုန်းများအား ပြင်ဆင်ရန် ရှိ၊ မရှိ နိုင်ငံတော် ချေးငွေရယူ၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများအတွက် ရှစ်ရာခိုင်နှုန်း ပြင်ဆင်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ခုနှစ် မတ်လ ၁၃ရက်နေ့အထိ စာရင်းများအရ ဘဏ်များတွင် ငွေအပ်ထားသည့် ပမာဏအလိုက် အချိုးအစား တွက်ကြည့်ပါက ကျပ်သိန်း ၅၀၀မှ ၁၀၀၀ကြား ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူ ပမာဏ၏ ၀ဒဿမ ၆၁ရာခိုင်နှုန်းသာ ရှိကြောင်း၊ ကျပ်သိန်း ၁၀၀၀အထက် ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူ ပမာဏ၏ ၀ဒဿမ ၃၆ရာခိုင်နှုန်းသာ ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများထဲ၌ ကျပ်သိန်း ၅၀၀အထက် အပ်နှံနိုင်သူမှာ စုစုပေါင်း ငွေအပ်သူ ပမာဏ၏ ဝဒဿမ ၉၇ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ကျပ်သိန်း ၅၀၀နှင့်အထက် အပ်နှံနိုင်သူမှာ လူနည်းစုသာ ရှိနေသော်လည်း အပ်နှံထားသည့် ငွေပမာဏမှာမူ ကျပ်ဘီလျံပေါင်း ၄၆၂၀ကျော်အထိရှိကြောင်း၊ တစ်ရာခိုင်နှုန်းပင် မပြည့်သည့် လူနည်းစု အပ်နှံနိုင်သည့် ငွေပမာဏမှာမူ စုစုပေါင်း အပ်နှှံထားသည့် ပမာဏ၏ ၅၆ရာခိုင်နှုန်းနီးပါးအထိပင် ရှိနေသည်ဟု ဆိုပါသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သုညကျပ်မှ ကျပ်တစ်သိန်းအကြား အပ်နှံနိုင်သည့် ပမာဏမှာ စုစုပေါင်းအပ်နှံသူ ပမာဏ၏ ၆၅ ဒဿမ ၄၆ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ကျပ်တစ်သိန်းနှင့် ငါးသိန်းကြား အပ်နှံသူ ၁၂ဒဿမ ၉၀ရာခိုင်နှုန်း၊ ကျပ်ငါးသိန်းမှ ဆယ်သိန်းကြား ၅ဒဿမ ၃၂ရာခိုင်နှုန်း၊ ကျပ် ဆယ်သိန်းမှ သိန်း ငါးဆယ်ကြား အပ်နှံသူ ၈ဒဿမ ၆၁ရာခိုင်နှုန်း၊ သိန်း ငါးဆယ်မှ သိန်း တစ်ရာကြား သုံးရာခိုင်နှုန်း၊ သိန်းတစ်ရာမှ သိန်းငါးရာကြား အပ်နှံနိုင်သူ ၃ဒဿမ ၇ရာခိုင်နှုန်းရှိကြသဖြင့် သုညကျပ်မှ ကျပ်သိန်းငါးရာ အကြား အပ်နှံနိုင်သူမှာ စုစုပေါင်း ပမာဏ၏ ၉၉ ဒဿမ ၀၃ရာခိုင်နှုန်းအထိပင် ရှိနေကြောင်း သိရပါသည်။

Ref : Daily Eleven

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *