News

ဂိမ်းကစားခြင်းကြောင့် အာရုံကြောရောဂါ ဖြစ်ပွားမှု ပိုများလာ

ဆိုက်ဘာဂိမ်းနက်၀ပ်ခ်ဂိမ်းနှင့် မိုဘိုင်းလ်ဖုန်းဂိမ်း၊ တက်ပလက်ဂိမ်းများက ပီ၀မ်း၊ ပီးတူးဂိမ်းများကို အနိုင်ယူလာခဲ့သည့် ယခုနှစ်များအတွင်း ဂိမ်းကစားသူ ဦးရေ တိုးတက် များပြား လာခြင်းနှင့်အတူ ဦးနှောက်၊ အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများပါ ဖြစ်ပွားလာနေကြောင်း သိရသည်။

“ဦးနှောက်၊ အာရုံကြော အထူးကုတွေဆီကို အရင်က အများဆုံး လာရောက်ပြသတာ လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေ များပေမယ့် အခုတစ်နှစ်ကျော် ကာလအတွင်းမှာ အသက် ၁၂နှစ်ကနေ ၂၅နှစ်ကြား လူငယ်တွေ ပိုပြီး ပြသလာကြတယ်။ အများစုက အာရုံကြော ထိခိုက်ရခြင်း အကြောင်းကို သတိမပြုမိခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ အထူးကု ဆရာ၀န်တွေ သတိထားမိတဲ့ အချက်က လာပြတဲ့ လူငယ်အများစုက ဂိမ်းအလွန်အကျွံ ကစားတဲ့သူတွေ ဖြစ်နေတာကို တွေ့ရတယ်”ဟု ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာ၀န်ကြီး ဒေါက်တာမေသူမွန်က ပြောကြားသည်။

မြန်မာနိုင်ငံ မြို့ပြများရှိ အသက် ၂၀အောက် လူငယ်များ၏ ၉၀ရာခိုင်နှုန်းမှာ ဂိမ်းကစားကြပြီး မိုဘိုင်းလ်ဖုန်းများ၊ Network ဂိမ်းဆိုင်များနှင့် အင်တာနက်ဆိုင်များအတွင်း ဂိမ်းဆော့ ကစားကြကြောင်း ဂိမ်းဝါသနာရှင်တစ်ဦးက ပြောပြသည်။ ဂိမ်းကို စွဲလမ်းစွာ ကစာခြင်းကြောင့် မျက်စိအားနည်းခြင်း၊ ခေါင်းကိုက် ေ၀ဒနာခံစားရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိခြင်း၊ ပြင်ပ နေ့စဉ် လှုပ်ရှားမှုဆိုင်ရာများ၌ ဂိမ်းတစ်ခုသဖွယ် လှုပ်ရှားနေထိုင်ရာမှ မလိုလားအပ်သည့် ဒုစရိုက်မှုများ ဖြစ်ပေါ်လာနို်င်ခြင်း၊ စိတ်ခက်ထန်လာခြင်း၊ အနိုင်ရလိုမှုနှင့် စိတ်ကူးယဉ်မှုဘက် မမျှမတ ဖြစ်လာခြင်း၊ လက်ချောင်းများနှင့် လက်ဆစ်များ သွေးပုံမှန် စီးဆင်းမှုမရှိပဲ အရိုးအဆစ်၊ အရွတ်ဆိုင်ရာ ေ၀ဒနာ ခံစားရခြင်း၊ လှုပ်ရှားမှု နည်းပါးသဖြင့် အခြားကျန်းမာရေး ထိခိုက်မှုများအပြင် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကိုပါ မြင့်တက်လာနို်င်ကြောင်း ပြည်ပအခြေစိုက် ဘီဘီစီ ကျန်းမာရေး သတင်းအွန်လိုင်း စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

“ကျွန်တော့ညီလေးဆိုရင် အချိန်မီ ကုသနိုင်လို့ တော်သေးတယ်။ သူက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဂိမ်းကို အလွန်စွဲလမ်းလာတာ။ နောက်ပိုင်း မျက်စိမကောင်းဘူးလို့ ကျွန်တော်တို့က သိထားတာပါ။ နောက်ဆုံး အိမ်ပေါ်က ခုန်ချမယ်ဆိုတဲ့အထိ ဖြစ်လာတော့ သမားတော်တွေနဲ့ ပြသပြီး ဆေးကုသမှု ခံယူခဲ့ရတယ်။ ဆရာ၀န်တွေက လူနာမျိုးရိုးနဲ့ ဖြစ်နိုင်ချေတွေကို သေသေချာချာ မေးမြန်းတော့မှ ဂိမ်းစွဲလမ်းရာကနေ စပြီး ဖြစ်တာလို့ ပြောပါတယ်။ နောက်ဆိုရင် စိတ်ကျန်းမာရေးကို အပြင်းအထန် ထိခိုက်လာနိုင်တယ်လို့ သိရတယ်”ဟု သျှင်ပါဂူ ဆေးခန်း၌ မိမိညီဖြစ်သူကို ဦးနှောက်၊ အာရုံကြော အထူးကုနှင့် လာရောက်ပြသနေသည့် ကိုမျိုးသူက ပြောပြသည်။

ကာလကြာရှည်စွာ ဂိမ်းဆော့သူ တစ်ဦးအနေနှင့် မျက်တောင်ခတ်နှုန်း မြန်ဆန်လာတတ်ပြီး၊ အာရုံကြော အားနည်းခြင်းကြောင့် အကြောတက်ခြင်း၊ ဇက်မထိန်းနိုင်တော့ခြင်း၊ စိတ်ကစဥ့်ကလျား ဖြစ်ခြင်းအပြင်၊ နှလုံးရောဂါ သွင်ပြင်လက္ခဏာများ ဖြစ်ပေါ်လာပြီ ဆိုပါက နောက်ဆက်တွဲ ရလာဒ်များအဖြစ် စိတ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ကြောင်း သိရသည်။

“ဂိမ်းစွဲနေတဲ့ အမျိုးသမီးတစ်ဦးကြောင့် သူရဲ့ လသားကလေးလေး အစာငတ်ပြီး သေဆုံးခဲ့တာ ဖတ်ဖူးတယ်။ ကျွန်တော်တို့ဆိုလည်း မနက် ကျောင်းပေါ်မှာ ဂိမ်းဆော့တယ်။ အတန်း အားချိန်မှာလည်း ဆော့တယ်။ ညဘက် ဘောလုံးပွဲ ကြည့်ရင်တောင် နားချိန် ၁၅မိနစ်မှာ ဂိမ်းဆော့တယ်။ အခုနောက်ပိုင်း အင်တာနက်ကနေ ဂိမ်းတွေဆော့ရတာကို ကြိုက်တယ်။ အားတာနဲ့ သူငယ်ချင်းတွေ ချိန်းပြီး ဂိမ်းဆော့ပြိုင် ဖြစ်တယ်”ဟု ရေကြောင်း တက္ကသိုလ် ကျောင်းသားဟိဏ်းစွမ်းအောင်က ပြောပြသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *