News

ပြည်ထောင်စု အစိုးရအဖွဲ့ ဒုတိယအကြိမ် အပြောင်းအလဲ လုပ်

U Thein Sein

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အစိုးရလက်ထက် အစိုးရအဖွဲ့အတွင်း ဒုတိယအကြိမ်မြောက်  ကြီးမားသော အပြောင်းအလဲအဖြစ် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း၊ ခန့်အပ်ခြင်းများ ပြုလုပ်လိုက်ပြီး ဒုတိယ ဝန်ကြီးနှစ်ဦးအား နုတ်ထွက်ခွင့် ပြုကာ ရဲချုပ်တစ်ဦးအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။ ဇူလိုင်လ ၂၅ရက်နေ့ ည၈နာရီတွင် နိုင်ငံပိုင် မီဒီယာများမှ ကြေညာချက် ကိုးခု ထုတ်ပြန်ပြီး ပုဂ္ဂိုလ် ၁၇ဦးအား တစ်ကြိမ်တည်း အပြောင်းအလဲ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီးလေးဦးအား ဝန်ကြီးဌာနချင်း ပြောင်းလဲလိုက်ပြီး ယခင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဇေယျာအောင်အား စွမ်းအင်ဝန်ကြီးဌာနသို့ လည်းကောင်း၊ ယခင်စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဌေးအား ရထားပို့ဆောင်ရေး ဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင်အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မြင့်အား စက်မှုဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင်စက်မှုဝန်ကြီး ဦးအေးမြင့်အား အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်လိုက်သည်။

ဒုတိယဝန်ကြီးများ ဖြစ်ကြသော ပညာရေး ဝန်ကြီးဌာနမှ ဦးအေးကြူနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သူရဦးသောင်းလွင်တို့အား ၎င်းတို့ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် ဒုတိယရဲချုပ် ရဲမှုးချုပ် ဇော်ဝင်းအား ခန့်အပ် တာဝန်ပေးလိုက်ပြီး ယခင်က ရဲချုပ်တာဝန်နှင့် ပြည်ထဲရေးဒုတိယဝန်ကြီး တာဝန်ပူးတွဲထမ်းဆောင်သည့် ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းကိုမူ ဒုတိယဝန်ကြီးအဖြစ်သာ ဆက်လက် ထမ်းဆောင်စေခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဒေါက်တာ ဝင်းမြင့်အား သမ္မတရုံး ဝန်ကြီးဌာန (၁)သို့ လည်းကောင်း၊ ယခင် စွမ်းအင် ဝန်ကြီးဌာနမှ ဦးထင်အောင်အား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင်အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဦးမြင့်သိန်းအား ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင်ပညာရေး ဝန်ကြီးဌာနမှ ဦးဘရွှေအား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့လည်းကောင်း၊ ဒုတိယဝန်ကြီးများအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။

အသစ်ခန့်အပ်သည့် ဒုတိယဝန်ကြီးများအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်မောင်မောင်အုန်းအား နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စန်းလွင်အား ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ နေပြည်တော် ကောင်စီဝင် ဒေါက်တာ သန်းအောင်အား ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ အောင်ကျော်မြတ်အား သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း အသီးသီး တာဝန်ပေးအပ်ခဲ့သည်။

သို့ဖြစ်၍ ရာထူးမှ နှုတ်ထွက်သည့် ဒုတိယဝန်ကြီး နှစ်ဦးရှိပြီး ဒုတိယဝန်ကြီးလေးဦးနှင့် ရဲချုပ်တစ်ဦး အသစ်ခန့်အပ်ခဲ့သည်။ ကျန်ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများမှာ ဝန်ကြီးဌာန အချင်းချင်း အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရသည် ၂၀၁၂ခုနှစ်တွင် အစိုးရအဖွဲ့အတွင်း အကြီးမားဆုံး အပြောင်းအလဲကြီးကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။ ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၇ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီးကိုးဦး ပြောင်းလဲခြင်း၊ ဒုတိယဝန်ကြီး ၁၅ဦး အသစ်ခန့်အပ်ခြင်းကို စတင်ပြုလုပ်ခဲ့သည်။  နောက်တစ်နေ့ သြဂုတ် ၂၈ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီးနှစ်ဦးနှင့် စာရင်းစစ်တို့ကို ရာထူးမှ နုတ်ထွက် ခွင့်ပြုခဲ့သည်။ သြဂုတ် ၃၁ရက်နေ့တွင် ဝန်ကြီးဌာနများ တိုးချဲ့ဖွဲ့စည်းပြီး ပြည်ထောင်စု ဝန်ကြီးများကို အသစ်တိုးချဲ့ ခန့်အပ်ခဲ့ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *