News

မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ စာပေလောကသားများ အကျိုးဆောင်ရွက်မည် ပြောကြား

Myanmar Journals

မြန်မာနိုင်ငံတစ်ဝန်းရှိ စာရေးဆရာများက သမဂ္ဂအတွင်း ပိုမို ပါဝင်လာပြီး စာပေဆိုင်ရာ ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်အတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂစုံညီ အစည်းအဝေးကို ဇွန်လ ၃၀ရက်နေ့က တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂဥက္ကဋ္ဌ ဆရာထက်မြက်က “မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂဝင် စာရေးဆရာတွေ၊ ကဗျာဆရာတွေ အားလုံး တွေ့ဆုံရေး၊ စာရေးဆရာများရဲ့ ရှေ့အနာဂတ်အရေး ကိစ္စများကို တိုင်ပင်ရေး၊ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂရဲ့ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးရေး၊ သမဂ္ဂတိုးတက်ရေးအတွက် အားသစ်လောင်းဖို့ အကြံပြုရေးတို့အတွက် ယခု စုံညီအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ နာယကများနှင့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှ စာနယ်ဇင်းသမားများ၊ မြန်မာနိုင်ငံ စာရေးဆရာများ၊ သမဂ္ဂဝင်များ၊ မြို့နယ်အသီးသီးမှ စာရေးဆရာ သမဂ္ဂကိုယ်စားလှယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂကို ၂၀၁၂ခုနှစ်၊ မတ်လကစပြီး ဖြစ်မြောက်ရေး ကော်မတီအဖြစ် စတင် ဖွဲ့စည်း၍ မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ (ယာယီ)၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂဟု အဆင့်ဆင့် ပြောင်းလဲကာ မြို့နယ်ပေါင်း ၂၄မြို့နယ်အထိ စာရေးဆရာသမဂ္ဂများ ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂကို စာပေလောကသားများ အားလုံးအတွက် လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့် စသည့် အခွင့်အရေးများ ရရှိစေရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် စာနယ်ဇင်း ကောင်စီ (ယာယီ)၏ ဖိတ်ခေါ်ချက်အရ မီဒီယာ ဥပဒေမူကြမ်းကို စာနယ်ဇင်းကောင်စီနှင့်အတူ သမဂ္ဂကပါ အပြီးသတ် ပါဝင်ရေးဆွဲခဲ့ကြောင်း၊ ယနေ့တိုင် မတည်ဆောက်နိုင်သေးသော ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးတို့ကို ပြည်သူလူထုနှင့်အတူ လက်တွဲ တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း စာရေးဆရာ ထက်မြက်က ပြောကြားသည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *