News

မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံကုန်ချောများ ကိုရီးယားသို့ တင်ပို့မည်

မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများကို ကုန်ချောအဖြစ် ပြုလုပ်၍ ကိုရီးယားနိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ တင်ပို့ရန် မြန်မာ-ကိုရီးယား နှစ်နိုင်ငံသဘောတူညီမှု ပြုလုပ်ထားပြီး ကိုရီးယားနိုင်ငံဈေးကွက်သို့ အဆင့်မြင့် နည်းပညာဖြင့် ယခုနှစ် အောက်တိုဘာလမှ စ၍ တင်ပို့သွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံများက မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက် ကုန်ပစ္စည်းများကို ကုန်ချောအဖြစ် တင်သွင်းရန် ကမ်းလှမ်းမှုများ ရှိသော်လည်း ပြည်တွင်း၌ ထုတ်လုပ်မှုနည်းပညာပိုင်းဆိုင်ရာနှင့် အအေးခန်း စက်ရုံများ အပါအ၀င် စက်ပစ္စည်းလုံလောက်မှု မရှိခြင်းကြောင့် တွင်ကျယ်စွာ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း၊ ယခုကဲ့သို့ တင်ပို့နိုင်မည်ဆိုပါက ပို့ကုန်တင်ပို့မှုမှ ရငွေပိုလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီ၀လံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများကို တင်သွင်းရန် ဂျပန်၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့မှ စိတ်၀င်စားနေပြီး ဆွေးနွေးပွဲများ လာရောက်ပြုလုပ်၍ ဖြစ်စေ၊ ကုမ္ပဏီအချင်းချင်း ချိတ်ဆက်၍ဖြစ်စေ၊ ဈေးကွက်ဆိုင်ရာ ဟောပြောဆွေးနွေးမှုများမှဖြစ်စေ စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အခြားအိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လယ်ယာထွက်ကုန် စိုက်ပျိုးထွက်ရှိမှု များပြားခြင်း၊ လုပ်အားခ သက်သာခြင်းနှင့် သီးနှံအရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် တင်သွင်းရန် စိတ်၀င်စားခြင်းဖြစ်ကြောင်း JETRO (ရန်ကုန်)မှ Executive Managing Director Mr. Masaki Takaharaက မြန်မာ-ဂျပန် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် စင်ကာပူနိုင်ငံသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးများကို တင်ပို့လျက်ရှိနေပြီး ယခုအခါ ဈေးကွက်သစ်အဖြစ် ကိုရီယားနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံကုန်ချောများ ကိုရီးယားသို့ တင်ပို့မည်

  1. Aung Myint says:

    need to be get this tech.

Leave a Reply

Your email address will not be published. Required fields are marked *