News

ရန်ကုန်မြို့ပတ် ”ဇ” အထူးရထား ပြေးဆွဲမည်

မြန်မာမီးရထားသည် ရန်ကုန်မြို့ပတ် “ဇ” အထူးရထားတွဲဆိုင်း ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ “ရန်ကုန်မြို့မှာ နေ့စဉ်သွားလာနေကြတဲ့ ခရီးသွား ပြည်သူတွေ အဆင့်မြင့်မြင့် နဲ့ အချိန်တိုအတွင်း လိုရာ ခရီးရောက်ရှိစေဖို့ အဆင့်မြင့်တွဲဆိုင်းတွေကို မြို့ပတ်ရထားမှာထည့်သွင်း ချိတ်ဆက်ပြေးဆွဲ သွားဖို့ အတွက်လာမယ်နို၀င်ဘာ ၁ရက်မှာစတင်ပြေးဆွဲ မှာဖြစ်ပါတယ်” ဟုမြန်မာမီးရထားမှ အောက်မြန်မာပြည် အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ရန်ကုန်မြို့သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့် ရှိမြန်မာ့ မီးရထားအောက်မြန်မာ ပြည်အုပ်ချုပ်ရေးဌာန၌ အောက်တိုဘာ ၂၉ရက် ပြုလုပ်သော မီဒီယာတွေ့ ဆုံပွဲတွင် ပြောကြားခဲ့သည်။

ယခင်ကရန်ကုန်မြို့ တွင်မြို့ပတ် “ဇ” ရထားပြေးဆွဲနေရာမှ မြို့ပတ် “ဇ” အထူးရထားတွဲ ဆိုင်းဖြင့်ပြေးဆွဲရန် စီစဉ်နေခြင်း ဖြစ်သည်။ အဆိုပါအထူးရထား တွဲဆိုင်းများမှာ မြစ်ငယ်မြန်မာ့ မီးရထား စက်ရုံမှပြန်လည်ပြုပြင် ထုတ် လုပ်ထားခြင်းဖြစ်သည်။ လေအေးစက်မှာ တွဲဆိုင်းတိုင်းတွင် မပါ၀င်သော်လည်း ပန်ကာများတပ်ဆင် ပြီးအဆင့် မြင့်ပြုပြင်မူ ပြုလုပ်ထားသည်ဟု ဆိုသည်။

ယင်းအထူးရထားတွဲ တစ်တွဲလျှင်ခရီးသည်ဦးရေ ၁၀၀ ကျော်လိုက်ပါနိုင်ပြီး ထိုင်ခုံဖြင့် ခရီးသည် ၇၀ မှ ၈၀ ခန့်အထိ စီးနင်းနိုင်မည် ဖြစ်သည်။ ထိုင်ခုံများမှာ ပလတ်စတစ် ထိုင်ခုံများဖြစ်ပြီး အထူးရထား တွဲခြောက်တွဲ ပါမည် ဖြစ်သည်။

“ခရီးသည်တွေ ဆန္ဒကို လေ့လာသုတေသနပြုပြီးမှ အခုလို အထူးတွဲဆိုင်းတွေ ချိတ်ဆက်ပြေးဆွဲပေးတာ ဖြစ်ပြီး ခရီးသည်တစ်ဦးလျှင်ငွေကျပ် ၃၀၀နဲ့ နိုင်ငံခြားခရီးသွား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ သတ်မှတ်ထားပါတယ်။အဲဒါဟာ ခရီးစဉ် အစအဆုံးအတွက် ဖြစ်ပြီး ဘတ်စ်ကားခတွေ နဲ့ချိန်ဆပြီး သတ်မှတ် ထားတာလည်းဖြစ်ပါတယ် “ဟုဦးထွန်းအောင်သင်းက ဆက်လက်ပြောပြသည်။

“ဇ” အထူးရထားတွင် တွဲဆိုင်းခြောက်ဆိုင်းပါ၀င်ရာ ခရီးသည်ဦးရေ ၆၀၀ ကျော်ခန့် လိုက်ပါစီးနင်း နိုင်မည် ဖြစ်သည်။ ရထားအထူးတွဲဆိုင်း တိုင်းတွင်သန့်ရှင်းသပ်ရပ်မှုအပြည့် ဆောင်ရွက်ပေးထားပြီး ဈေးသည်များ အထမ်းသည်များ တက်ရောက်ခြင်း၊ ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း လုံး၀မပြုရန် ကန့်သတ်ထားသည်။

နို၀င်ဘာ ၁ရက်၌စတင်ပြေးဆွဲမည့် ”ဇ” အထူးရထားမှာ ဘူတာတိုင်းရပ်နား ပေးမည်ဖြစ်ပြီး အင်းစိန်-ရန်ကုန်၊ အင်းစိန်-လှော်ကား ခရီးစဉ်များဖြင့် ရန်ကုန်မြို့ကိုတစ်နေ့လျှင် လေးပတ်မောင်းနှင်းမည် ဟုသိရသည်။

မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများအတွက် ပထမအကြိမ် ကျိုက်ထို-၁၊ ကျိုက်ထို-၂ ရထားများပြေး ဆွဲပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ်လေအေးအထူး မြို့ပတ်ရထားများကို ပြေးဆွဲပေးခဲ့သည်။ ယခုအခါ “ဇ” အထူးရထားတွဲဆိုင်းများဖြင့် ရန်ကုန်မြို့နေပြည်သူများအား အဆင့်မြင့်စွာ စီးနင်းသွားလာနိုင်ရန် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *