News

၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ သဘာဝဓါတ်ငွေ့ တင်ပို့မှု ကန်ဒေါ်လာ ၄ဘီလျံ ရရှိခဲ့

မြန်မာနိုင်ငံသည် ပြည်ပသို့ သဘာဝဓါတ်ငွေ့ တင်ပို့မှုဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၃ဒသမ ၅ဘီလျံ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးတွင် အမေရိကန် ဒေါ်လာ  ၄ဘီလျံထိ ရရှိခဲ့ကြောင်း မကြာမီက ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဘဏ်၏ နှစ်လယ် စာရင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်ဟု သိရသည်။

ထိုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု (GDP)ကို ပြန်ကြည့်ပါက ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ဒသမ ၅ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းလည်း ဖေါ်ပြထားပြီး ထိုကဲ့သို့ တိုးတက်ခဲ့သည့် အကြောင်းများထဲတွင် ခရီးသွားကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာခဲ့ကြောင်း၊ ငွေကြေးလုပ်ငန်းများ တိုးတက်လာခဲ့ခြင်းများလည်း ပါဝင်ကြောင်း၊ ထို့အတူ နိုင်ငံခြား တိုက်ရိုက် ရင်နှီး မြုပ်နှံမှုကို ကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရင်းနှီး မြုပ်နှံမှု ဂျီဒီပီ၏ ၃ဒသမ ၇ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၅ဒသမ ၂ရာခိုင်နှုန်းအထိ စီးဝင်လာခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

“မြန်မာနိုင်ငံ စီးပွားရေး တိုးတက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝဓါတ်ငွေ့ ရောင်းရတဲ့ဝင်ငွေတွေ၊ ဆောက်လုပ်ရေး ကဏ္ဍက ရတဲ့ ဝင်ငွေတွေ၊ ဝန်ဆောင်မှု ကဏ္ဍက ရတဲ့ ဝင်ငွေတွေ ရှိနေတယ်။ ပြည်ပကို သဘာဝဓါတ်ငွေ့ တင်ပို့မှုမှာ ၂၀၁၁- ၂၀၁၂မှာ အမေရိကန်ဒေါ်လာ ၃ဒသမ ၅ဘီလျံကနေပြီးတော့ ၂၀၁၂- ၂၀၁၃မှာ ၄ဘီလျံအထိ ရောက်ခဲ့တယ်။ ဝန်ဆောင်မှု ကဏ္ဍမှာ ဆိုရင်လည်း ခရီးသွားလုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ တိုးတက်လာတာကိုတော့ တွေ့ရတယ်။ ပြီးတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဟာ ဆိုရင်လည်း ၂၀၁၁-၂၀၁၂မှာ ဂျီဒီပီရဲ့ ၃ဒသမ ၇ရာခိုင်နှုန်း ကနေပြီးတော့ ၂၀၁၂-၂၀၁၃မှာ ၅ဒဿမ ၂ရာခိုင်နှုန်းအထိ တက်လာတာတွေ့ရတယ်။ နောက်တစ်ခုက အာရှမှာ အင်အားကြီးတဲ့ ဂျပန်နိုင်ငံလို နိုင်ငံမျိုးက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ထိုင်းနိုင်ငံမှာထက် ပိုပြီး စိတ်ဝင်စားနေပါတယ်”ဟု စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ်ပြခဲ့သည်။

ယင်းသို့ ယခုနှစ်ပိုင်းအတွင် မြန်မာနိုင်ငံသို့ စီးဝင်လာသော ရင်းနှီးမြုပ်နှံမှုများတွင် စွမ်းအင် ကဏ္ဍ၊ အထည်ချုပ်လုပ်ငန်း၊ အိုင်တီ လုပ်ငန်းများ၊ အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းများ အဓိက ပါဝင်နေကြောင်း သို့ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ဆန်စပါးထုတ်လုပ်မှု ကဏ္ဍများတွင် ကျဆင်းနေကြောင်း၊ ယင်းသို့ ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ရေကြီးရေလျှံမှုများ ဖြစ်ခဲ့သည့် အတွက်လည်း တစ်စိတ်တစ်ဒေသ ပါဝင်နေကြောင်း အဆိုပါ စစ်တမ်းတွင် ဖေါ်ပြထားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *