မြန်မာစာပေများကို Digitize ပြုလုပ်၍ အင်တာနက်မှတစ်ဆင့် ဖတ်ရှုနိုင်မည့် အွန်လိုင်း စာအုပ်စတိုးတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟု အဆိုပါ လုပ်ငန်းများ လုပ်ကိုင်မည့် မြန်စာ (Myansar)အဖွဲ့ထံမှ သတင်းရရှိသည်ဟု သိရသည်။ အင်တာနက်ပေါ်တွင် မြန်မာစာ စာအုပ်စာပေများ ဖတ်ရှုရာ၌ မူလစာရေးဆရာ၏ မူပိုင်ခွင့်အတွက် ခံစားခွင့်များ မရှိသေးသော်လည်း ယခုကဲ့သို့ အွန်လိုင်းစာအုပ်စတိုး ပြုလုပ်ခြင်းကြောင့် ဝယ်ယူဖတ်ရှုသော စာအုပ်အရေအတွက်ပေါ် မူတည်၍ မူပိုင်ခွင့် အခကြေးငွေ အစဉ်အမြဲ ရရှိနေမည် ဖြစ်သည်ဟု ဆိုသည်။
အမေဇုန်၊ အိုင်စတိုး (i-Store)တို့သည် ကမ္ဘာပေါ်တွင် လူသိအများဆုံးသော အွန်လိုင်းစာအုပ်စတိုးများဖြစ်ပြီး အသုံးပြုဖတ်ရှုသူ စာဖတ်ပရိသတ်သန်းနှင့်ချီ၍ ရှိနေသည်။ “ပုံနှိပ်မီဒီယာတုန်းကလည်း ပုံနှိပ်မှု မလုပ်နိုင်တဲ့ ဘာသာစကားတွေ၊ စာပေတွေက တဖြည်းဖြည်း မှေးမှိန်သွားတယ်။ ဒီနေ့ခေတ်မှာတော့ အွန်လိုင်းမှာ Digitizeလုပ်ပြီး စာဖတ်တယ်။ ဒါကိုလည်း စာပေယဉ်ကျေးမှုအရ ပြောင်းဖို့ လိုအပ်ပါတယ်”ဟု Myansarအဖွဲ့မှ ဦးရဲထွန်းအောင်က ပြောသည်။ ဂူဂဲလ်တွင် မြန်မာစာပေ စနစ်ရရှိလာခြင်းနှင့် မြန်မာနိုင်ငံအတွင်း မူပိုင်ခွင့်နှင့် ပုံနှိပ်ထုတ်ဝေရေး ဥပဒေများ ရေးဆွဲနေခြင်းက အွန်လိုင်းတွင် မြန်မာစာအုပ် စတိုးတစ်ခု ဖြစ်လာစေရန် အခွင့်အရေးကောင်းများ ရရှိစေသည်ဟု သိရသည်။
“အဓိကကတော့ ခရီးသွားရင် စာအုပ်တွေ အများကြီး သယ်မသွားနိုင်ဘူး။ ဒီလိုမျိုးလေးရှိလာရင်တော့ သွားရင်းလာရင်း ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ချင်တာလေးတွေ ဖတ်လို့ရလာမယ်”ဟု စာရေးဆရာမ ဂျူးက မှတ်ချက်ပြုသည်။ အွန်လိုင်းမြန်မာစာအုပ် စတိုးပြုလုပ်ရာတွင် အမေဇုန်ကဲ့သို့ နည်းစနစ်များကို အသုံးပြုသွားမည်ဖြစ်ပြီး၊ iOSနှင့် Android ပစ္စည်းများတွင် ဖတ်ရှုနိုင်အောင် ပြုလုပ်သွားမည်ဟု သိရပါသည်။
သို့သော်လည်း အွန်လိုင်းစာအုပ်စတိုး တည်ထောင်ရာ၌ ကော်ပီရိုက်ခေါ် မူပိုင်ခွင့်အတွက် ချိုးဖောက်မှု ပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်ပြီး Soft Copyခေါ် စာအုပ်များကို ကွန်ပျူတာမှု ပြုထားသည့်မူရင်းများ ရှားပါးခြင်းကလည်း အဓိကပြဿနာတစ်ရပ်အဖြစ် တည်ရှိနေသည်ဟု ဆိုသည်။ အွန်လိုင်းမြန်မာ စာအုပ်စတိုးကို ပုံနှိပ်ထုတ်ဝေသူများ၊ စာရေးဆရာများ၊ ဥပဒေပညာရှင်များ၊ နည်းပညာရှင်များနှင့် ပူးပေါင်း၍ စာဖတ်ပရိသတ်များအတွက် အကောင်းဆုံး အဖြေတစ်ခုရအောင် ပြုလုပ်သွားမည်ဟု သိရှိရသည်။
ဆရာမဂျူးပြောသလိုပင် စာအုပ်တွေ သယ်သွားစရာ မလိုတော့ပဲ သွားရင်းလာရင်း ပေါ့ပေါ့ပါးပါး စာဖတ်၍ရတော့မည် ဖြစ်သဖြင့် ကြိုဆိုရပါမည်။ သို့ရာတွင် ဖတ်ချင်တာလေးတွေ ဖတ်လို့ရအောင်တော့ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားဖို့တော့ လိုပါမည်။ နောက်ပြီးတော့ ယခုလို အွန်လိုင်းက စာဖတ်နိုင်အောင်လည်း iOSနှင့် Android ပစ္စည်းလေးများကို လူတိုင်းကိုင်နိုင်ကြပါစေဟုလည်း ဆန္ဒပြုလိုက်ရပါသည်။