မြန်မာနိုင်ငံအနေဖြင့် ဥရောပဈေးကွက်တွင် ကုန်သွယ်ရေးခွန်နှင့် ကုန်ပစ္စည်းအပေါ် သတ်မှတ်သော ကိုတာ ကင်းလွတ်စွာဖြင့် ကုန်သွယ် နိုင်ရေးအတွက် ဥရောပသမဂ္ဂမှ ပြန်လည်ခွင့်ပြုပေးရန် ဥရောပပါလီမန် နိုင်ငံတကာ ကုန်သွယ်ရေး ကော်မတီက တောင်းဆိုလိုက်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ အထူးသဖြင့် အဓမ္မလုပ်အားပေးခိုင်းစေမှု (Force Labour)ပပျောက်အောင် ကြိုးပမ်းမှုများကို အားပေးရန်အတွက် ဥရောပကော်မရှင်၏ အဆိုပြုချက်များကို ထောက်ခံပေးပါရန် ဥရောပ ပါလီမန်နိုင််ငံတကာ ကုန်သွယ်ရေး ကော်မတီက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
လက်နက်နှင့် ခဲယမ်း ရောင်းဝယ်မှုများမှ လွဲ၍ အခြားပစ္စည်းများကို မြန်မာနိုင်ငံအနေဖြင့် အခွန်နှင့် ကိုတာ ကင်းလွတ်စွာ ရောင်းဝယ်ခွင့် ပေးရန်ကိစ္စကို ဥရောပပါလီမန် နိုင်ငံတကာကုန်သွယ်ရေး ကော်မတီတွင် မဲအများဆုံးဖြင့် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ်ရန် လိုအပ်နေသေးကြောင်း သိရသည်။ ဖံွ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအတွက် အီးယူက သတ်မှတ်ထားသော မူအရ မြန်မာနိုင်ငံအနေဖြင့် အီးယူနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်ရှိခဲ့သော်လည်း ၁၉၉၇ခုနှစ်တွင် အဓမ္မလုပ်အား ပေးခိုင်းစေမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည့်အတွက် ၁၉၉၇ခုနှစ်မှစပြီး ယင်းအခွင့်အရေးကို ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ အထက်ပါ ကင်းလွတ်ခွင့်ကိစ္စကို ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ် ပြီးနောက် ဥရောပ ကောင်စီ၏ တရားဝင် အတည်ပြုချက် ရယူရန် လိုအပ်ဦးမည်ဟု သိရပါသည်။