News

မြန်မာ့ဂုဏ်ရောင် မြေသိမ်းမှုကိစ္စ လူ့အခွင့်အရေးကော်မရှင် တင်မည်

တပ်မတော်ရေတပ်တန်းလျား တည်ဆောက်မည်ဟုဆိုတာ သိမ်းဆည်းခဲ့သည့် မြေနေရာများအား မြန်မာ့ဂုဏ်ရောင် အိမ်ရာဆောက်လုပ်ထားခြင်းအပေါ် မြန်မာ့ဂုဏ်ရောင် ရပ်ကွက်သားများ၏ နစ်နာမှုများကို သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လူ့အခွင့်အရေး ကော်မရှင်သို့ စက်တင်ဘာလအတွင်း တင်ပြပေးမည်ဟု သိရသည်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်ရှိ နေအိမ် ၇၇၁လုံးနှင့် လုပ်ငန်းရှင်နှစ်ဦး၏ မြေနေရာများကို ၁၉၉၄ခုနှစ်က ရေတပ်တန်းလျားဆောက်မည်ဟု အကြောင်းပြကာ နေအိမ်များအား ဖျက်သိမ်းခဲ့ပြီး လက်ရှိတွင် ထိုနေရာ၌ မြန်မာ့ဂုဏ်ရောင် အိမ်ရာဆောက်လုပ်ပြီး ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းရှိ အမျိုးသားဒီမိုကရေစီပါတီသစ် ရုံးချူပ်ထံ မြန်မာ့ဂုဏ်ရောင် ရပ်ကွက်သားများက စက်တင်ဘာ ၂၅ရက်တွင် စာတင်ခဲ့သည်ဟု မြန်မာ့ဂုဏ်ရောင် ရပ်ကွက်ပြည်သူများ၏ နစ်နာမှုများကို ဖော်ထုတ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌဦးထွန်းရီက ပြောသည်ဟု သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ဗိုလ်ချူပ်ခင်ညွန့် အပါအ၀င် အာဏာပိုင်တွေက ကတိသာပေးပြီး ဆောင်ရွက်မပေးခဲ့ဘူး။ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၁၇အရ သူတို့ရဲ့ တရား၀င် ပိုင်ဆိုင်မှုတွေ ငြင်းပယ်ခံရတဲ့အတွက် လူ့အခွင့်အရေးကို ထိခိုက်တာဖြစ်တဲ့အတွက် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ဒီတစ်ပတ်အတွင်း တင်ပြသွားမယ်”ဟု ပြောသည်။

ထိုမြန်မာ့ဂုဏ်ရောင်ရပ်ကွက်သည် ၁၉၇၆ခုနှစ်တွင် တစ်ရပ်ကွက်လုံးနီးပါး မီးလောင်ခဲ့သဖြင့် ထိုစဉ်က နိုင်ငံတော် ၀န်ကြီးချူပ် ဦးစိန်၀င်းက ထိုရပ်ကွက်ကို မြေချပါမစ် ပြန်လည်ချထား ပေးခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ထိုစဉ်ကပင် အိုးအိမ်၀န်ကြီးဌာနက ရပ်ကွက်ပြည်သူများအား မြေဖိုး ၆၀၀၀ကျပ် သွင်းခိုင်းကာ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ရပ်ကွက်နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၁၀၇ရပ်ကွက်များသို့ ပြောင်းရွှေ့စေခဲ့သည်ဟု ဦးထွန်းရီက ရှင်းပြသည်။ ယင်းကိစ္စအား မြန်မာ့ဂုဏ်ရောင် ရပ်ကွက်သားများက ၂၀၁၃ခုနှစ် ဇန်နဝါရီလတွင် ဆန္ဒပြခဲ့ပြီး သမ္မတရုံးအပါအ၀င် သက်ဆိုင်ရာဌာနများကို တင်ပြခဲ့သည်။ ထို့အပြင် ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၂၇ရက်က ဆန္ဒပြခဲ့ပြီး ယခုအချိန်အထိ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးသောကြောင့် ထပ်မံဆန္ဒပြရန်လည်း စီစဉ်နေသည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *