News

မြန်မာခေတ်ပြိုင် အနုပညာဒီဗွီဒီ မဂ္ဂဇင်း ၂၀၁၃အခမဲ့ ဖြန့်ဝေမည်

မြန်မာခေတ်ပြိုင် ပန်းချီအနုပညာရှင်များ၏ လက်ရာများနှင့် ယင်းတို့အပေါ် မည်သို့ဖန်တီးထားသည်ကို တွေ့ဆုံမေးမြန်းထားသည့် အနုပညာရှင်များ၏ အင်တာဗျူးများ ပါ၀င်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော မြန်မာခေတ်ပြိုင် အနုပညာဒီဗွီဒီ မဂ္ဂဇင်း၊ အတွဲ (၁) ၂၀၁၃ကို စက်တင်ဘာ ၂၈ရက်တွင် မိတ်ဆက်အခမ်းအနား ပြုလုပ်မည့် လောကနတ် ပန်းချီပြခန်း၌ အခမဲ့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ယင်းဒီဗွီဒီအခွေကို စီစဉ်သူ ပန်းချီအောင်မြတ်ဌေးမှ ပြောကြားသည်ဟု သိရသည်။

၄င်းဒီဗွီဒီတွင် မြန်မာခေတ်ပြိုင် အနုပညာရှင် ၂၀ဦး၏ လက်ရာနှင့် တွေ့ဆုံမေးမြန်းချက်များ ပါ၀င်မည်ဖြစ်ပြီး ယင်းတို့အထဲတွင် အင်စတော်လေးရှင်း၊ ဗီဒီယိုအတ်၊ ပါမောမန့်၊ ပန်းချီကား၊ ပန်းပုတို့ ပါရှိမည်ဟု ဆိုသည်။

“ဒီအခွေကို ၂၀၁၁ခုနှစ် ကုန်ပိုင်းလောက်ကတည်းက စလုပ်ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံက ခေတ်ပြိုင်အနုပညာရှင်တွေရဲ့ လက်ရာတွေကို အများပြည်သူတွေ လက်ထဲရောက်အောင် ပို့ဆောင်ပေးချင်လို့ပါပဲ။ ဒီလို ဒီဗွီဒီလေးတစ်ချပ်တည်းနဲ့ အခုလို အနုပညာရှင် အယောက် ၂၀ရဲ့လက်ရာတွေကို တစ်စုတစည်းတည်း တွေ့ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီဗွီဒီထဲမှာ ထူးခြားတာတစ်ခုက အရင်ဆင်ဆာခေတ်တုန်းက ပြသခွင့် မရရှိခဲ့တဲ့ ခေတ်ပြိုင်  အနုပညာလက်ရာ တစ်ချို့ ပါ၀င်တာပါ”ဟု စီစဉ်သူ ပန်းချီဆရာအောင်မြတ်ဌေးက ရှင်းပြသည်။

ယင်းအနုပညာ ဒီဗွီဒီတွင် အောင်မြင့်၊ အေးကို၊ ချောအိသိမ်း၊ ဟိန်းသစ်၊ ကောင်းဆု၊ မအိ၊ မင်းသိမ်းစွန်၊ MSO (မောင်စန်းဦး)၊ NSC (ငြိမ်းချမ်းဆု)၊ နိုရာ၊ ဖြိုးကြည်၊ ဖြူမွန်၊ ပိုပို၊ စူးမြင့်သိန်း၊ သီတာ၊ ထွန်း၀င်းအောင်၊ ဝါနု၊ ဝေမာညွန့်၊ ရတနာ၊ ဇာမင်းထိုက်တို့၏ ခေတ်ပြိုင် အနုပညာလက်ရာများ ပါ၀င်ကြောင်း သိရသည်။

အဆိုပါ အနုပညာဒီဗွီဒီ မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၈ရက် ညနေ ၃နာရီခွဲမှ ၅နာရီခွဲအထိ လောကနတ်ပန်းချီပြခန်း၌ ပြုလုပ်သွားမည်ဟု ဆိုသည်။

 

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *