News

အလုပ်သမား အများစု တစ်ရက် ၁၃နာရီ အလုပ်လုပ်နေကြရ

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း ဒေသကြီးများရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများသည် တစ်ရက်လျှင်  ၁၃နာရီ အလုပ်လုပ်နေကြရကြောင်း အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာသည့် လွှတ်တော်၏ ကော်မရှင်က သြဂုတ်လ ၁၃ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ အစီရင်ခံစာ တင်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာ အလုပ်သမား ဥပဒေတွင် လုပ်သားတစ်ဦးသည် တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီသာ သတ်မှတ်ထားသည့်အတွက် ယခု အလုပ်သမားများသည် တစ်ရက်လျှင် အလုပ်ချိန် ငါးနာရီကြာ ပိုလုပ်နေရသည့် သဘောဖြစ်နေသည်ဟု ဆိုသည်။ ပြီးခဲ့သည့် မေလက အမတ် ၂၆ဦးဖြင့် ဖွဲ့စည်းလိုက်သည့် အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ကော်မရှင်သည် ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ စက်ရုံ ၃၆ရုံကို ကွင်းဆင်း စစ်ဆေးကာ ယခုကဲ့သို့ အစီရင်ခံ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ကော်မရှင်က လေ့လာခဲ့သည့် စက်ရုံများမှာ ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ငါးပုစွန် အအေးခန်းစက်ရုံ၊ ဇာထိုးပန်းထိုး စက်ရုံ၊ လျှပ်စစ်စက်ရုံ၊ ပီနံအိတ် စက်ရုံ၊ သကြားလုံးစက်ရုံ၊ ကြွေပြားစက်ရုံနှင့် သစ်အချောထည် စက်ရုံတို့ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလုပ်သမားများသည် ထိုသို့ တစ်ရက်လျှင် ၁၃နာရီကြာ အလုပ်လုပ်နေရသော်လည်း လုပ်ခလစာကိုမူ အလုပ်ရှင်များက အနည်းဆုံး နှုန်းထားသာ ပေးနေကြောင်း ထမင်းစားချိန်မှလွဲ၍ တစ်ရက်လျှင် ၁၂နာရီကြာ မတ်ရပ် အနေအထားဖြင့် အလုပ်လုပ်ရသည့်အတွက် အများစုသည် ကျန်းမာရေး ချို့တဲ့ပြီး စိတ်ဓာတ်အင်အားပါ ကျဆင်းနေကြောင်း၊ လုပ်ငန်းခွင်တွင် ထိုသို့ပင်ပန်းစွာ လုပ်ကိုင်နေရသော အလုပ်သမားများသည် ကျန်းမာရေး စောင့်ရှောက်မှုလည်း ကောင်းစွာ မရရှိကြောင်း၊ စက်ရုံများတွင် ဥပဒေနှင့်အညီ လုပ်သားအင်အားအလိုက် ထားရှိရမည့် ဆေးသေတ္တာများ မထားရှိကြောင်း၊ ဆေးခန်းတွင် တာဝန်ထမ်းဆောင်နေသူများမှာလည်း သူနာပြုအကူများသာဖြစ်နေကြောင်း၊ လုပ်သားများကို ကျန်းမာရေး စစ်ဆေးမှု တစ်နှစ် တစ်ကြိမ်ပင် ဆောင်ရွက်မပေးကြောင်း၊ ထို့အပြင် လုပ်သားများ သောက်သုံးရန် ပေးထားသည့် ရေသန့်စက်များသည်လည်း ရေစစ်များ လဲလှယ်မပေးသဖြင့် သန့်ရှင်းသည့် သောက်ရေကိုပင် မသောက်ရသည့် လုပ်သားများ ရှိကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

အလုပ်ရှင်များက ၎င်းတို့ မဖြစ်မနေ ပေးရမည့် နေ့တွက် လုပ်ခနှုန်းထားများကို အလွန်အမင်း နှိမ့်ထားပြီး စေတနာအလျောက် ပေးမှသာ ရနိုင်မည့် ရက်မှန်ကြေး၊ ဆုကြေးနှင့် အခြား ထောက်ပံ့ကြေးများကို ပေါင်းထည့်ပြီး လစာပေးသည့် စနစ်ကို အလုပ်ရှင်များ အချင်းချင်း ညှိ၍ ကျင့်သုံးနေကြောင်း၊ ယခုကဲ့သို့ လုပ်ခလစာကို နှိမ့်ထားခြင်းဖြင့် လစာကို အခြေခံ၍ တွက်ချက်ရသည့် အချိန်ပိုကြေး တမင်နည်းအောင် အလုပ်ရှင်များက လုပ်ထားသည်ဟုလည်း ကော်မရှင်က သုံးသပ်ထားသည်။

အချို့သော စက်ရုံလုပ်သားများသည် အလုပ်နှင့် အိမ်သွားချိန်၊ ပြန်ချိန် စုစုပေါင်း ၁၂နာရီမျှပင် ကြာမြင့်နေသည်ဟု ကော်မရှင်က အံ့အားသင့်ဖွယ် စစ်ဆေးတွေ့ရှိရကြောင်း၊ သွားရေး ပြန်ရေး အဆင်ပြေစေရေးအတွက် အလုပ်ရှင်မှ ကြိုပို့ယာဉ် စီစဉ်ပေးသည့် စက်ရုံများ၊ နေစရာ အဆောင် စီစဉ်ပေးသည့် စက်ရုံများတွင်လည်း ကားခနှင့် နေစရိတ်ကို လစာမှ ပြန်ဖြတ်သဖြင့် အခက်အခဲများ ရှိနေကြောင်း၊ ထို့အပြင် ကြိုပို့ယာဉ် အများစုသည် ကြံ့ခိုင်မှု မရှိပဲ လူနှင့် ကား မမျှတအောင် စီးနေကြရကြောင်း အမတ်များကို ရှင်းပြခဲ့ကြသည်။

အချို့သော စက်ရုံများမှာ အလုပ်ခန့်ထားချိန်တွင် သဘောတူ စာချုပ်ချုပ်ဆိုထားသော်လည်း ယင်းစာချုပ်ကို ကော်မရှင်က တောင်းယူကြည့်သည့်အခါ အလုပ်သမားများ ခံစားခွင့်နှင့် တာဝန်များကို တိတိကျကျ ဖော်ပြထားခြင်း မရှိသည်ကိုလည်း လေ့လာတွေ့ရှိရကြောင်း၊ ယင်းကိစ္စသည် အလုပ်သမားများ၏ ပညာဗဟုသုတ နည်းမှုအပေါ် အလုပ်ရှင်က အခွင့်ကောင်းယူနေသည်ဟု ကော်မရှင်က သုံးသပ်ကြောင်း သိရသည်။

ယခုတင်သွင်းသည့် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာသည့်ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ပြန်ထောင်စု လွှတ်တော်တွင် အမတ်များက ဆက်လက်ဆွေးနွေးကြရန် လွှတ်တော်နာယကမှ ညွှန်ကြားခဲ့ပြီး ဆွေးနွေးမည့် အမတ်များသည် သြဂုတ် ၁၄ရက်တွင် နောက်ဆုံးထား၍ စာရင်းပေးပို့ရမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *