News

စီအိုင်ဒီမှ စစ်ဆေးပြီးသည့် ၁၀၀၀ ကျပ်တန်အတု လှည့်လည် သုံးစွဲနေသည့် ကိစ္စ စစ်ဆေးနေ

စီအိုင်ဒီ(မှုခင်း စုံစမ်းရေးဌာန)မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများလှည့်လည် သုံးစွဲနေသည့်ငွေများအကြား ပြန်လည်ရောက်ရှိလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်နေ့ထုတ် Daily Eleven သတင်းစာ ၏ “ပြည်သူတွေက ပေးတဲ့စာ” ကဏ္ဍတွင် မြောက်ဥက္ကလာပ မြို့နယ်နေ ကော်ဖီနှင့် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်မေပပသွယ်မှ ကျပ် ၁၀၀၀ တန် ငွေစက္ကူအား စက်တင်ဘာ ၂၂ ရက်က ရရှိခဲ့ကြောင်း ပေးပို့ခဲ့သည့်အတွက် သက်သေဖြစ်သည့် ငွေစက္ကူအတုနှင့် တကွ ဖော်ပြခဲ့သည်။

အဆိုပါ ငွေစက္ကူတွင် စစ်ဆေးရေးဌာန တစ်ခု၏ တစ်ဆိပ်တုံး၊ ငွေစက္ကူအတုဟူသော တံဆိပ်တုံး၊ လက်ရေးမှတ်ချက်၊ နေ့စွဲများ ပါ၀င်နေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ငွေစက္ကူအတုများ စစ်ဆေးတွေ့ရှိပါက စီအိုင်ဒီသို့ တင်ပြရပြီး စီအိုင်ဒီ၏ ငွေတုဖြစ်ကြောင်း မှတ်ချက်၊ တံဆိပ်တုံးများဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပြန်လည် ပေးပို့ရကြောင်းသိရသည်။
ထိုသို့ ငွေစက္ကူ အတု စစ်ဆေးချက်အပြည့်အပြည့်အစုံဖြင့် ဖေါ်ပြထားသည့် ငွေစက္ကူအတုမှာ ဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်းစသည့် အနေအထား တစ်ခုတွင် ရှိမနေပဲ ပြည်သူများအကြား လှည့်လည် သုံးစွဲနေမှုအပေါ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

“ဒါက ထူးခြားဖြစ်စဉ် ဖြစ်ပါတယ်။ ငွေစက္ကူ အတုပါ” ဟု ဗိုလ်ဆွန်၀က်လမ်းရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ခွဲမှ လုပ်ငန်းအရာရှိ ဒေါ်ဖြူဖြူဆွေက အောက်တိုဘာ ၂၈ ရက်က အတည်ပြု ပြောကြားသည်။

“ငွေစက္ကူ အတုနဲ့ ပတ်သက်တဲ့ အမှုတော်တော်များများ လိုက်ဖူးပါတယ်။ လုပ်ငန်းသဘောအရဆိုရင် စီအိုင်ဒီလက်ထဲ ရောက်သွားရင် အရေအတွက်၊ ပုံသဏ္ဍာန်စတဲ့ အသေးစိတ်အချက်အလက်တွေကို ရှာဖွေပုံစံနဲ့ သိမ်းတာပါ။

ဒီလိုသိမ်းထားပြီးပြီ ဆိုရင် ဓါတုဗေဒဌာနတို့၊ ဓာတ်ခွဲခန်းတို့၊ ဘိလစ်စာရေးတို့ လက်ထဲမှာပဲ ရှိနေပြီး မီးရှို့ဖျက်ဆီးပစ်ခြင်းနဲ့ အဆုံးသတ်ပါတယ်။ ဒီလိုမျိုး လုပ်ရမယ့် ငွေတုတစ်ရွက်က ပြည်သူတွေကြားထဲ ပြန်ရောက်နေတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထ မရှိသလို ဖြစ်သင့်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့နိုင်ငံက အခုဆို ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ကာလမှ ငွေစက္ကူအတုပြဿနာ ထပ်ဖြစ် လာတာကတော့ စိုးရိမ်စရာ ကောင်းပါတယ်” ဟု Purple Equity Law Firm မှ ဦးဖိုးဖြူက သုံးသပ်သည်။

ယခုလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၁၀၀၀ တန် ငွေစက္ကူ အတု ရွက်ရေ ၈၀၀၀ ကျော် မိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အလားတူပင် စက်တင်ဘာလအတွင်း ကလည်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “စီအိုင်ဒီမှ စစ်ဆေးပြီးသည့် ၁၀၀၀ ကျပ်တန်အတု လှည့်လည် သုံးစွဲနေသည့် ကိစ္စ စစ်ဆေးနေ

  1. အားကိုးလောက်ပါပေ တယ်

Leave a Reply

Your email address will not be published. Required fields are marked *