ဗြိတိန်သိပ္ပံပညာရှင်များက လူတို့၏ကျင်ငယ်ရည်ဖြင့် မိုဘိုင်းဖုန်းများကို အားသွင်းနိုင်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ပြောကြားလိုက်သည်။ အဆိုပါ အားသွင်းစနစ်သည် မိုဘိုင်းဖုန်းများအတွက် message ပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းများအပါအ၀င် ဖုန်းခေါ်ဆိုခြင်းပါ လုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။ ဗြိတိန် အနောက်ဘက် Bristol တက္ကသိုလ်မှ သုတေသီများက ကျင်ငယ်ရည်မှ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်သော ဘက်တီးရီးယားများ ပါ၀င်သည့် ဘက်ထရီတစ်မျိုးကို တီထွင်လိုက်သည်။
“ကျင်ငယ်ရည်ကနေ စွမ်းအင်ထုတ်ပြီး မိုဘိုင်းဖုန်းတွေကို အားသွင်းဖို့ဆိုတာ လူတော်တော်များများ စဉ်းစားမိမှာ မဟုတ်ပါဘူး… ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ရှာဖွေတွေ ့ရှိမှုတစ်ခုပဲ ဖြစ်ပါတယ်” ဟု အင်ဂျင်နီယာ Ioannis Ieropoulos က ပြောကြားခဲ့သည်။ “ဒီ စနစ်ရဲ ့ အားသာချက်တစ်ခုကတော့ ကျွန်တော်တို့ အနေနဲ့ လေစွမ်းအင်၊ နေစွမ်းအင်တွေကို အားထားနေစရာ မလိုတော့ဘဲနဲ့ နေ့စဉ် စွန့်ပစ်ပစ္စည်းကနေပဲ စွမ်းအင်ထုတ်ယူနိုင်တော့မှာဖြစ်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ အဖွဲ့အနေဖြင့် ဘက်တီးရီးယားများကို ကြေွထည်ပြွန်ချောင်းများထဲ ကာဗွန်ဖိုင်ဘာများ (carbon fibre anodes) ဖြင့်မွေးမြူထားရှိရသည်။ အဆိုပါ ဖန်ချောင်းကိုဖြတ်သန်းလာသော ကျင်ငယ်ရည်ထဲရှိ လျှပ်စစ်ဓာတ်ကို ဘက်တီးရီးယားများက ရယူစေပြီး capacitor ထဲတွင် သိုလှောင်ထားသည်။ ဤနည်းဖြင့် လျှပ်စစ်ဓာတ်များကို စုစည်းပြီး မိုဘိုင်းဖုန်းဘက်ထရီကို အားသွင်းခြင်းဖြစ်သည်။အဆိုပါ သုတေသနပညာရှင်များ၊ အင်ဂျင်နီယာများ အနေဖြင့် ၄င်းနည်းပညာကို မိုဘိုင်းဖုန်းတွင်သာမက အခြား ဘက်ထရီအသုံးပြုသော အီလက်ထရောနစ်ပစ္စည်းများတွင်ပါ အသုံးပြုနိုင်ရန် ဆက်လက်ကြိုးစားနေကြကြောင်းလည်း သိရှိရပါသည်။
Ref : http://www.businessinsider.com/scientists-mobile-phone-urine-2013-7