News

Mitsubishi Motorsမှ မြန်မာနိုင်ငံတွင် ကားသစ်များ ရောင်းတော့မည်

ဂျပန်နိုင်ငံအခြေစိုက် Mitsubishi Motors Corporation (MMC)သည် မြန်မာနိုင်ငံ၌ ကားသစ်များ စတင်ရောင်းချမည် ဖြစ်ကြောင်း MMCမှ အောက်တိုဘာ ၇ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် Mitsubishi၏ ပထမဦးဆုံး ဝန်ဆောင်မှုစင်တာကို ပြီးခဲ့သည့် မေလအတွင်းက စတင် ဖွင့်လှစ်ခဲ့ပြီး ယခု ၎င်း၏ မြန်မာမိတ်ဖက်နှင့် အတူ ကားသစ်များကို စတင်ရောင်းချရန် စီစဉ်လာခြင်း ဖြစ်သည်ဟု သိရသည်။

MMCသည် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည့် ကုန်တင်ယာဉ်ငယ် (L200)များကို စတင် တင်သွင်းရောင်းချသွားမည်ဖြစ်ပြီး ၎င်း၏ အရောင်းနှင့် ဈေးကွက်ဝေစုကို ပိုမိုတိုးချဲ့သွားနိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ မော်တော်ကားဈေးကွက်တွင် Mitsubishi တစ်ပတ်ရစ်ကားများသည် ဈေးကွက်ရရှိထားပြီး ယခုကားသစ်များ စတင်ရောင်းချရန် စီစဉ်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှနှင့်  အာဆီယံဒေသတွင်း အလားအလာ အကောင်းဆုံး ဈေးကွက်တစ်ခုဖြစ်လာပြီး Mitsubishiသည် မြန်မာပြည်ဈေးကွက်တွင် ဈေးကွက်ဝေစု ပိုမို ရရှိစေရန် အားထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

MMCသည် Mitsubishi Corporation အုပ်စုဝင် လုပ်ငန်းတစ်ခု ဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ကာ လက်ရှိအချိန်တွင် ပိုင်ဆိုင်မှု တန်ဖိုး ယန်း ၆၅၇ဘီလျံ ရှိသည်ဟု သိရသည်။ မော်တော်ယာဉ်များ၊ စက်ပစ္စည်း အစိိတ်အပိုင်းများ၊ စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ အဓိက ထုတ်လုပ်နေပြီး ယခင်နှစ်က ယန်း ၁၈၇၀ ဘီလျံဖိုး ရောင်းချခဲ့ရသည်ဟု ဆိုသည်။

Mitsubishiနှင့် အကျိုးတူ ပူးပေါင်းခဲ့သည့် PMIနှင့် YOMAတို့သည် SPAအုပ်စုဝင် ကုမ္ပဏီများ ဖြစ်ပြီး Mr. Serge Pun (ဦးသိမ်းဝေ)က ဥက္ကဌအဖြစ် တာဝန်ယူထားသည်။ FMIသည် မြန်မာနိုင်ငံ၏ ထိပ်တန်း အများပိုင် လုပ်ငန်းဖြစ်ပြီး အစုရှယ်ယာရှင်ပေါင်း ၄၇၀၀၀ ဝန်းကျင်ရှိသည်။ ထိုလုပ်ငန်းကို ၁၉၉၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေ၊ ဟိုတယ်၊ မော်တော်ယာဉ် ဖြန့်ချိရေး လုပ်ငန်းများ အပါအဝင် လုပ်ငန်းနယ်ပယ် ခုနှစ်ခု လုပ်ကိုင်လျက် ရှိသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *