News

ဆူပူဖျက်ဆီးမှုများသည် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများ၊ OICတို့နှင့် ဆက်ဆံရေး တုံ့နှေးစေ

ဆူပူဖျက်ဆီးမှုများကြောင့် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံ၊ OICတို့နှင့် ဆက်ဆံရေး တုံ့နှေးစေခဲ့ ရသည်ဟု အောက်တိုဘာ ၇ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတွင် ကျင်းပါသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖေါ်ရေး လုပ်ငန်းညှိနှိုင်း အစည်အဝေးတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေး ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းဖေါ်ဆောင်တိုးတက်မှု၊ ဆုတ်ယုတ်မှုသည် သာမန်အားဖြင့် ရခိုင်ပြည်နယ် ကွက်ကွက်ကလေးကို အကျိုးသက်ရောက်မည်ဟု ထင်ရသော်လည်း မြန်မာတစ်နိုင်ငံလုံးအပေါ် သက်ရောက်သည့် ကိစ္စဖြစ်သည်ဟု ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယ သမ္မတက ပြောကြားခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖေါ်ပြခဲ့သည်။

ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက “ပြီးခဲ့သည့်လများမှာ မိတီ္ထလာ၊ ပြည်၊ လားရှိုး၊ ကန့်ဘလူတို့မှာ ဆူပူ ဖျက်ဆီးမှုများကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများ ဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ OICတို့နှင့် ဆက်ဆံရေးသည်လည်း တုံ့နှေးစေခဲ့ရကြောင်း တစ်နှစ်ကျော် ကြာလာပြီ ဖြစ်သည့် ရခိုင်ပြည်နယ် မတည်မငြိမ် ဖြစ်စဉ်ကို ပြန်လည် သုံးသပ်ကြည့်ပါက စီးပွားရေးအနေဖြင့် မိမိတို့ နိုင်ငံကို လာရောက် ရင်းနှီးမြုပ်နှံမည့် သူများကို အထူးသဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ဝင်ရောက်လေ့လာမည့် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဖြစ်သည့် UNနှင့် EUမျက်နှာစာတွင် စွပ်စွဲနေကြသည့် လူမျိုးတုံး သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ဆုံးရှုံးမှု၊ ဘာသာရေးအခြေခံ လှုံဆော် အားပေးမှု စသည့် ဝေဖန်ပြောဆိုမှုများသည် နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်ကို အဟန့်အတား ဖြစ်စေသည်ဟု ဒုတိယ သမ္မတက ပြောသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ဆူပူဖျက်ဆီးမှုများသည် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများ၊ OICတို့နှင့် ဆက်ဆံရေး တုံ့နှေးစေ

  1. Arkar Kyaw says:

    ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများ၊ OICတို့နဲ့ ဆက်ဆံရေး ကောင်းမှ ထမင်းစားရမှာလား

Leave a Reply

Your email address will not be published. Required fields are marked *