Featured, Gadgets, Review

တန်ဖိုးကြီးနည်းပညာကို အလိုရှိသူအမျိုးသမီးများအတွက် Intelရဲ့ MICAလက်ကောက်

တန်ဖိုးကြီးနည်းပညာကို အလိုရှိသူအမျိုးသမီးများအတွက် Intelရဲ့ MICAလက်ကောက်

တန်ဖိုးကြီး ဖက်ရှင်ကို မျှော်လင့်မထားတဲ့ ကုမ္ပဏီတစ်ခုက ရောင်းချပေးတော့မှာပါ။

အဲဒီကုမ္ပဏီကတော့ Chipထုတ်လုပ်သူ Intelပါပဲ။ ကုမ္ပဏီ အသေးလေးတွေသာ နေရာယူထားတဲ့ အင်တာနက် ချိတ်ဆက်နိုင်တဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာ နယ်ပယ်ကို Intelခြေချလာတာ ထူးခြားပါတယ်။ Intelက သူ့ရဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာကို လှပ အမြင်ဆန်းစေချင်နေပါတယ်။

ဖက်ရှင်ကုမ္ပဏီ Opening Ceremonyနဲ့ Intelပူးပေါင်းပြီး MICA or My Intelligent Communication Accessoryဆိုတဲ့ တန်ဖိုးကြီး နည်းပညာလက်ကောက်ကို တီထွင်လိုက်ပါတယ်။

Intelရဲ စမတ်လက်ကောက်ဟာ ဒီနေ့ ၀ယ်ယူနိုင်တဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာ နာရီနဲ့ လက်ကောက်အများစုနဲ့ မတူပါဘူး။ ဈေးနှုန်း ဒေါ်လာ တစ်ထောင်အောက် ရှိပြီး ကျောက်ရတနာများ၊ ၁၄ ကာရက်ရွှေ ဖုံးအုပ်ထားပြီး အနက်နဲ့ အဖြူ မြွေသားရေ ပါရှိတဲ့ စမတ်လက်ကောက်ဟာ ဖက်ရှင်ကျတာကို နှစ်သက်သလို အင်တာနက် ချိတ်ဆက်နိုင်တဲ့ ကိရိယာကို အလိုရှိတဲ့ အမျိုးသမီးများကို စွဲဆောင်နိုင်မှာပါ။

“ခန္ဓာကိုယ်မှာ တစ်စုံတစ်ခု ၀တ်ဆင်လိုက်တာနဲ့ ဒါဟာ သင့်ရဲ့ အဆင့်အတန်းကို ဖော်ပြနေတာပါ။ နည်းပညာကို သင့်လက်ကောက်၀တ်မှာ ထည့်သွင်းထားရုံမဟုတ်ပါဘူး။ ဖက်ရှင်ကျမှုကိုပါ တွေ့မြင်ရမှာပါ။” လို့ Intel New Device Groupမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒါရိုက်တာ Sandra Lopezက ပြောပါတယ်။

အခြား စမတ် လက်၀တ်ရတနာများလိုပဲ MICA ဟာ Texts, Meeting Alertsများ အပါအ၀င် အချက်ပြမှုများကို ရရှိမှာပါ။ သူတို့ကို လက်ကောက်၀တ်ရဲ့ အတွင်းဘက်ရှိ ၁.၆ လက်မအရွယ် ကွေးကောက် သလင်းကျောက် မျက်နှာပြင်မှာ ပြသမှာပါ။ အခြားသူတွေ မမြင်တွေ့နိုင်အောင် ဖုံးကွယ်ပေးထားတာပါ။ အခြားသူတွေက ပုလဲများနဲ့ ကျောက်မျက်ရတနာများလို ဖက်ရှင် ပစ္စည်းများကိုသာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

MICAဟာ စွဲဆောင်မှုရှိတဲ့ လက်၀တ်ရတနာဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဈေးကွက်မှာ ရောင်းချနေတဲ့ စမတ်ချပ်၀တ်တန်ဆာများဟာ အလွန်ကြည့်ရဆိုးပါတယ်။ နောက်ပြီး စမတ်ချပ်၀တ်တန်ဆာများဟာ အရွယ်သေးထားတဲ့ ရာဘာလက်ပတ်ကြိုးပါတဲ့ စမတ်ဖုန်းတွေနဲ့ တူပါတယ်။

MICAကို အနက်နဲ့ အဖြူနှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ ဒါဟာ ဘယ်လို အ၀တ်အစားနဲ့ မဆို လိုက်ဖက်ညီမှာပါ။ မိန်းကလေးများအတွက် ရည်ရွယ်ထားပေမယ့် ယောင်္ကျားလေးတွေ ၀တ်ဆင်ကြည့်တဲ့အခါမှာလည်း အဆင်ပြေနေပါတယ်။

ဆိုးတဲ့အချက်က ဒီမှာပါ။ MICAကို ၆.၇ လက်မ လက်ပတ်ကြိုးနဲ့သာ ထုတ်လုပ်ပေးထားတဲ့အတွက် အနည်းငယ်သေးနေပါတယ်။ Intelရဲ့ ကြော်ညာထဲက မော်ဒယ် ပိန်ပိန်ပါးပါးတွေနဲ့ဆိုရင်တော့ အတော်ပဲပေါ့။ လှည့်ပတ်ရတာလည်း သက်တောင့်သက်သာမရှိပါဘူး။

Lopezရဲ့ အဆိုအရ Intel ရဲ့ ဒီဇိုင်းအဖွဲ့ဟာ အမျိုးသမီးတွေရဲ့ ပျမ်းမျှလက်ကောက်၀တ်အရွယ်ကို ပြုလုပ်ထားတာပါ။ အားလုံးနဲ့ အဆင်ပြေမယ့် အမျိုးအစားဟာ လက်၀တ်ရတနာ ဒီဇိုင်နာတွေအတွက်တော့ စံနှုန်းတစ်ခုဖြစ်ပေမယ့် နည်းပညာအတွက်တော့ အဆင်မပြေပါဘူး။

နာရီထုတ်လုပ်သူတွေဟာ အရွယ်စုံထုတ်လုပ်နေသလိုပဲ နည်းပညာကိရိယာတွေ ထုတ်လုပ်တဲ့ ဖက်ရှင်ဒီဇိုင်နာတွေကလည်း လူတွေအားလုံးဟာ တူညီတဲ့ လက်ကောက်၀တ် မရှိဘူးဆိုတာ စဉ်းစားရမှာပါ။

MICAဟာ လူတိုင်းအတွက် မဟုတ်ပေမယ့် အင်တာနက် ချိတ်ဆက်နိုင်တဲ့ ဖက်ရှင်ကျ လက်၀တ်ရတနာကို လိုချင်သူတွေအတွက် ရွေးချယ်စရာတစ်ခုပါ။ ဘက်ထရီသက်တမ်းကလည်း တစ်နေ့လုံး အသုံးခံပါတယ်။ စမတ်ဖုန်းတွေလိုသာ စွမ်းဆောင်နိုင်တဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာကို မကြိုက်သူတွေအတွက်တော့ စိတ်မကောင်းစရာပါ။

ဖက်ရှင်သမားတွေက MICAကို အားလပ်ရက်ရာသီမှာ Barneys New Yorkမှာ ၀ယ်ယူနိုင်မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *