Health, Opinion

မောင်လူအေးလေး မောင်လူအေး

စာရေးသူတို့ ငယ်စဉ်က အတန်းတူ သူငယ်ချင်းတစ်ဦး။ သူငယ်ချင်းဟူသည် ဆိုရသည်၊ တစ်ခါမျှ အတူစကားမပြောဖူး၊ မကစားဘူးဖူး၊ ရန်မဖြစ်ဘူး၊ တွေ့လျှင် ခေါ်ဖို့ မဆိုထားဘိ။ အကြည့်ချင်းပင် မဆုံ။ ဆရာ/ဆရာမများနှင့် လူကြီးများ လက်လံအောင် ကဲသော စာရေးသူတို့ အတန်းတူ၊ အတန်းသား၊ အတန်းဖော်များထဲတွင် ထူးထူးခြားခြား အေးသောသူ၊ စာရေးသူ မှတ်မိသဘောက် သူငယ်တန်း တစ်တန်းအထိသာ သူ့ကိုတွေ့ရပြီး နောက်ပြီး သူကျောင်းတက်တာ မတွေ့ရတော့။ သူနာမည် မောင်လူအေး (သို့မဟုတ်) ခွန်ရန်ပိုင်။

“ကျော်ဇေယျတို့က စာသင်ရင် ငေးချင်ရင် ငေးနေတယ်။ ခေါင်းခေါက်လဲမထူး၊ လက်ဆစ်ဒေါက်လဲမထူး၊ အဲဒါ မိဘတွေ နည်းနည်းသတိထားဦး”
“ဒီကလေး ဉာဏ်ကလည်းမကောင်း၊ သူလုပ်ချင်ရာကို ဇွတ်လုပ်၊ ဟန့်လို့ မာန်လို့လည်း မရ။ အဲဂဏာမငြိမ်တာကလွဲလို့ စကားတော့မများဘူး”
“အိမ်မှာတင်မကဘူး ဆရာမရေ၊ ကျောင်းမှာပါ အဲဒီလိုပဲလို့ သူ့အတန်းပိုင်က ခဏ ခဏ တိုင်တယ်”

မူလတန်းအရွယ် ကလေးငယ်များကို အိမ်၌ စာပြပေးသော အငြိမ်းစား ကျောင်းဆရာမကြီးဖြစ်သူ စာရေးသူ၏ အဖွားနှင့် သူ၏တပည့်။ စာရေးသူထက် လေးငါးနှစ်ငယ်သော်လည်း စာရေးသူတို့ပင် ရှောင်ပြေးရသော ကလေးလေး။ ကျော်ဇေယျ၊ သူလည်း နောက်တစ်နှစ်ကျတော့ စာလာမဖတ်တော့…။

“မကြီးမိမှုန်သားလေးက စကားမပြောတတ်လို့ ကလေးဆရာ၀န်နဲ့ ဆေးကုနေရတယ်တဲ့။ မွေးတုန်းက အကောင်းလေး ခုသုံးနှစ်ကျော် လေးနှစ်ရောက်မှ တခြားကလေးတွေ ဉာဏ်ရည်တိုးတက်သလို မတိုးတက်ဘူးဆိုပဲ”

“ခုတော့ ရန်ကုန်တက်ပြီး ဦးခေါင်းကို ဓာတ်မှန်ရိုက်ရမယ်ဆိုပဲ”

စာရေးသူ ဆယ်တန်းလောက်တွင် ကြုံတွေ့ခဲ့ရသော အိမ်နီးချင်း မိတ်ဆွေတို့၏ ကျန်းမာရေး ပြဿနာတစ်ခု။ နယ်မှာနေသူတို့အဖို့ ရန်ကုန်ရွေှမြို့တော်ကြီးကို တက်ရောက်ဆေးကုသလိုက်ရလျှင်ဖြင့် ရောဂါအစုံယူပစ်သလို။ ပျက်သွားနိုင်သည်ဟု အများစု မှတ်ယူထားကြသည် မဟုတ်လော။

“ဒီကလေးမှာ ကြီးတာတွေလည်း ရှိတယ်။ အဲဒါပေမယ့် အရေးကြီးတဲ့အပိုင်းကျတော့ သေးနေတယ် မပြည့်မှီဘူးလို့ ပြောလို့ရတယ်”
နားရွက်ကြီးကြီးနှင့် ကလေးငယ်လေးတစ်ဦး။ စာရေးသူတို့ နောက်ဆုံးနှစ်အပိုင်း (ခ)ဆေးကျောင်းသား ကျောင်းသူများက တအံ့တသြ ကြည့်နေခိုက် တချို့ကလေးဆိုလျှင် စာရေးသူတို့ နားကြပ်တို့၊ Duty Coatတို့ Ball Pen တို့ကို လှမ်းဆွဲတတ်သည်။ တချို့ကလေးက အာပြဲအောင်ငိုပြီး အမေပေါ် ပြေးဖက် ပြေးတက်တတ်သည်။ သူကတော့ သူ့လက်ပဲ သူဆိတ်နေသည်။ နားရွက်ကြီးသည်သာမက ေ၀ှးစေ့နှစ်လုံးမှာလည်း အသက်နှင့်အလိုက် ကြီးသည်။ သေးသည်က ဦးနှောက်နှင့် ယောကျာ်းတန်ဆာ၊ ရွေှပန်း။ ရောဂါ အစုအေ၀း Syndrome တစ်ခု။ ရှားပါးပြီး တွေ့ရခဲသည့် Fragile .

“ဆရာကလေး အသက်တစ်နှစ်တုန်းက ဦးနှောက် အမှေးရောင်ရောဂါဖြစ်ပြီး နောက်ပိုင်း ခြေလက်မသန်တော့သလို ခဏ ခဏလဲတက်တယ်”
“ဆိုးတာက ဂဏာမငြိမ်တာနဲ့၊ စကားမပြော၊ လုပ်ချင်ရာ ဇွတ်လုပ်တာပဲ။ မီးကို ပူလို့ပူမှန်းလည်းမမှတ်၊ ခဏ ခဏ ကိုင်လို့ ဒဏ်ရာမနည်း”

လက်ထောက်ဆရာ၀န် ပေါက်စဘ၀က လူနာတစ်ဦး။ “တက်သည်”ဆိုလျှင် ကြောက်တတ်သည်မှာ လူနာရှင်များသာမဟုတ်၊ ဆရာ၀န်ပေါက်စများလည်း ပါသည်။ “ကလေးအထူးကု”နဲ့သာပြပါ ဟူ၍ လွှဲတတ်ကြသည်။ လာသမျှ လွှဲလွန်း လွှတ်လွန်းအားကြီးလျှင်လည်း လူရွှင်တော်များ ပြောသကဲ့သို့ “လွှတ်တော် ဆရာ၀န်” ဖြစ်ဦးမည်။ ထို့ကြောင့် ထိုသို့ လူနာမျိုးလာပြလျှင် လက္ခဏာများ မှတ်ထားပြီး စီနီယာများကိုသော်လည်းကောင်း၊ စာအုပ်များတွင် လည်းကောင်း ရှာဖွေဖတ်ပြီး နောက်နေ့မှ ကုထုံးပေးရဖူးသည်များလည်း ပေါက်စဘ၀က ရှိခဲ့ဖူးသည်။ M.B ., B.S အတွက် သင်ရိုးညွှန်းတန်းတွင် မြန်မာပြည်၏ ရေမြေသဘာ၀နှင့် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါအများဟု ပါ၀င်သော်လည်း ရှားပါးသော (သို့) အနောက်နိုင်ငံများတွင်သာ ဖြစ်ပွားတတ်သော ရောဂါများ မပါသဖြင့် ဆရာ၀န်ဖြစ်တိုင်းလည်း ရောဂါအစုံကို တစ်ဖက်ကမ်းခတ်အောင် မကျွမ်းကျင်၊ သို့သော် အခြေခံ ပညာတော့မရှိသဖြင့် မသိတာကို ဖတ်လိုက်လျှင် ခဏအတွင်း သိသည်။ ထို့ကြောင့် ရှာဖတ်ရပြီ။

တလောက ရေဒီယို၌ မိခင်တစ်ဦး၏ ရင်ဖွင့်သံကို ကြားလိုက်ရသည်။ “ဆရာ၀န်တွေသာ စောစောစီးစီး ဒီရောဂါလို့ ပြောပြခဲ့ရင် …” “ဒါကြောင့် ဆရာ၀န်တွေကို အသိပညာ တိုးစေချင်တယ်”

သူ၏ ကလေးက စကားမပြော၊ ဂဏာမငြိမ်၊ လူကြီး၊ “လူငယ်မသိ၊ လုပ်ချင်ရာ လုပ်တတ်သည်” တဲ့။ အသက် (၄)နှစ်ခန့်မှ ရောဂါသတ်မှတ်ချက်ရပြီ Autism “သြတစ်စင်” (ကလေး၏ စိတ်ကစဉ်ကလျားနှင့် ဆက်ဆံရေးချို့တဲ့ရောဂါ) ထိုရောဂါဟု သတ်မှတ်နိုင်ရန် တိကျသော ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ရိုက်၍ အဖြေကြည့်စရာမရှိ။ DSM ဒင် ဟုခေါ်သော Diagnostic Criteria ရောဂါသတ်မှတ်ချက်အတိုင်း စစ်မေးခံရမည်။ ဤရောဂါနှင့် ဆင်တူယိုးမှားဖြစ်သော ရောဂါနုသည့် အချို့ရောဂါများလည်း ရှိသေးသည်။ တွဲဖက်ပြီး ဖြစ်သော အခြားဂဏာမငြိမ်ဖြစ်သည့် ADHD (Attention Deficit  Hyperactive Disease)သည်လည်း မရှားပေ။

ထို Autistic Disordersများကို ဖော်ထုတ်ရာ၌ အဓိကအချက်ကြီး (၃)ချက် ရှိသည်။ (၁) Impairments in rocid Interaction သာမန်ကလေးတစ်ဦးကဲ့သို့ ပတ်၀န်းကျင်ပေါ် တု့ံပြန်မှု အားနည်းခြင်း။

(၂) Impairements in Communication အခြားကလေးမျးာ စကားပြော ဆက်ဆံတတ်သော အရွယ်တွင် မဖွံ့ဖြိုးခြင်း။ (၃) Restricted, Repetitive Range of Interests, Behaviors & Activities ပုံမှန်မဟုတ်သော အပြုအမှု လှုပ်ရှားမှုများကို ထပ်ခါထပ်ခါ အကြောင်းမဲ့ပြုခြင်းတို့ ပါ၀င်သည်။

American Academy of Neurology and The Child Neurology Society ကမူ မျိုးရိုးဗီဇ စစ်ဆေးခြင်း Genetic Testing ကို အချို့သော ကလေးများ ဥပမာ ဆိုခဲ့ပြီးသော Fragile x Syndromeဟု သံသယရှိလျှင် စမ်းသပ်ခိုင်းသည်။ Epilepsy အတက်ရောဂါရှိသောသူများအဖို့ EEG (Electroencephalogram) ရိုက်ခိုင်းသည်။ Neuroimaging အနေဖြင့် MRI with diffusion tensor imaging, CT Scan, PBI Scan, SPECT Scan များလည်း ရိုက်နိုင်လျှင် အကျိုးရှိနိုင်သည် ဆိုထားသည်။

ထိုရောဂါသည် ကလေးများကို ကုသရာ၌ကား Pharmacological Measures ဆေးဝါးဖြင့် ကုသခြင်းထက် Non-pharmacologic Meastures ဖြစ်သည့် Behaviorally Oriented Therapeutic Programsဖြင့် ကုသရမည် ဆိုထားပါသည်။ စိတ်ရောဂါကုထုံးဟုဆိုလျှင် မမှားပေ။ အထူးသဖြင့် ထိုသို့သော ကလေးများသည် အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားနိုင်သဖြင့် အထူးသတိထား စောင့်ကြပ်ရမည်။ ၄င်းတို့အတွက် သီးသန့် ဖွင့်ထားသော ကျောင်းများတွင် အထူးတတ်ကျွမ်း နားလည်သော ဆရာ၊ ဆရာမများနှင့် လေ့ကျင့်သင်ကြားပေးပါက “အဆိုးထဲမှ အကောင်း”လေးများ ပေါ်ထွန်းလာနိုင်ပါသည်ဟု တင်ပြလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *