မလေးရှား ဘောလုံးအဖွဲ့ချုပ် (FAM)သည် လာမည့် စက်တင်ဘာလ ၇ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပမည့် (၄၁)ကြိမ်မြောက် မာဒေးကားဖလား ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ဆီးဂိမ်းစ်အတွက် ပြင်ဆင်သည့်အနေဖြင့် ယူ-၂၃ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မလေးရှားအသင်းနှင့်အတူ မြန်မာ၊ ထိုင်းနှင့် စင်ကာပူအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် ပွဲဦးထွက် ပွဲစဉ်အဖြစ် နာမည်ကြီး ထိုင်းအသင်းနှင့် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အိမ်ရှင်မလေးရှားအသင်းကမူ စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စု နောက်ဆုံး ပွဲစဉ်များကို တစ်ချိန်တည်း ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းမှာ ဗိုလ်လုပွဲနှင့် အမှတ်အနည်းဆုံး နှစ်သင်းမှာ တတိယနေရာလုပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ FAMသည် မာဒေးကားဖလားပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၀၈ခုနှစ်က နောက်ဆုံး ကျင်းပခဲ့ပြီး ငါးနှစ်အကြာတွင် ပြန်လည် ကျင်းပခြင်းလည်း ဖြစ်သည်။ မာဒေးကား ဖလားပြိုင်ပွဲမှာ မလေးရှားနိုင်ငံ၏ လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ၁၉၅၇ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သည့် ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် မာဒေးကား ဖလားပြိုင်ပွဲကို ယခင်ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ပူးတွဲချန်ပီယံတစ်ကြိမ် အပါအဝင် ချန်ပီယံဆုကို လေးကြိမ် ဆွတ်ခူးထားကာ ဒုတိယလေးကြိမ် ရရှိထားကြောင်း၊ ၁၉၆၇ခုနှစ်တွင် တောင်ကိုရီးယားအသင်းနှင့် ဂိုးမရှိ သရေကျကာ ပူးတွဲ ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၆၄၊ ၁၉၇၁နှင့် ၂၀၀၆ခုနှစ်တို့တွင် ချန်ပီယံဖြစ်ခဲ့ကြောင်း၊ ၂၀၀၆ခုနှစ်တွင် အင်ဒိုနီးရှားအသင်းကို ဗိုလ်လုပွဲ၌ (၂-၁)ဂိုးဖြင့် အနိုင်ရရှိကာ တစ်ကျော့ပြန် ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၀၇ ပြိုင်ပွဲတွင် ဒုတိယနေရာသာ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာယူ-၂၃ အသင်း၏ ပဏမ ရွေးချယ်ထားမှုမှာ အုပ်ချုပ်သူ ဦးတင်မြင့်အောင်၊ နည်းပြချုပ်-ပတ်ဆောင်ဟွာ၊ လ/ထ နည်းပြ-ဦးဇော်ဝင်းထွန်း ကြံ့ခိုင်ရေးနည်းပြ-ဟာဟေဂျွန်း၊ ဂိုးနည်းပြ-ဦးမျိုးချစ်၊ ဦးပြည့်ဖြိုးအောင် (Southern)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ရန်အောင်လင်း (ဟံသာဝတီ)၊ နောက်တန်း-ဇော်မင်းထွန်း၊ ရန်အောင်ဝင်း၊ သက်နိုင်၊ ရဲဝင်းအောင် (ရတနာပုံ)၊ သိန်းသန်းဝင်း (KBZ)၊ နန္ဒာကျော် (မကွေး)၊ ကောင်းမြတ်ဦး၊ မင်းကိုသူ (ရခိုင်)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ အောင်ဇော် (ဟံသာဝတီ)၊ အလယ်တန်း-ကြည်လင်း၊ ဒေးဗစ်ဒန်၊ သက်ဖြိုးဝေ (ရန်ကုန်)၊ မောင်မောင်သန့် (ရခိုင်)၊ ရဲလင်းအောင်၊ စိုးပိုင်သွေး (ဇေယျာရွှေမြေ)၊ ထူးထူးအောင်၊ ဟိန်းဇာအောင်၊ မျိုးဇော်ဦး (မကွေး)၊ ကျော်ဇေယျာဝင်း (KBZ)၊ နန္ဒလင်းကျော်ချစ်၊ နေလင်းထွန်း (ဧရာဝတီ)၊ ရှေ့တန်း-ကောင်းစည်သူ၊ ဒွေးကိုကိုချစ် (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)တို့ ဖြစ်ကြသည်။ မာဒေးကားဖလားပွဲစဉ်များမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရသည်။ ၇-၉-၁၃ မလေးရှား – စင်ကာပူ / ထိုင်း – မြန်မာ ၉-၉-၁၃ ထိုင်း – စင်ကာပူ / မလေးရှား – မြန်မာ ၁၁-၉-၁၃ မလေးရှား – ထိုင်း / စင်ကာပူ – မြန်မာ ၁၄-၉-၁၃ တတိယ နေရာလုပွဲ/ ဗိုလ်လုပွဲ
မြန်မာတို့ မာဒေးကားဖလား ရယူနိုင်ဦးမည်လား

15
Aug