News

ဥပဒေမထွက်မချင်း ရုပ်သံလွှင့် မီဒီယာများ ထပ်မံ ခွင့်ပြုမည်မဟုတ်

ရုပ်သံလွင့် မီဒီယာဥပဒေ (Broadcasting Law)မထွက်ရှိသေးမီ ကာလအတွင်း ပုဂ္ဂလိက ရုပ်သံလွှင့်မီဒီယာများ ထပ်မံလျှောက်ထားလာပါက ခွင့်ပြုသွားမည် မဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲတင့်က အောက်တိုဘာ ၈ရက်တွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပသော ရုပ်သံလွှင့် ကုမ္ပဏီများနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“လောလောဆယ် အခြေအနေက ဥပဒေ အတည်ပြုချက်ပေါ်ထွက်လာခြင်း မရှိသေးတဲ့အတွက် တိုးချဲ့ဆောင်ရွက်ပေးမယ့် အစီအစဉ် မရှိသေးပါဘူး။ ဥပဒေ ပေါ်လာပြီးရင်တော့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ဦးရဲတင့်က ပြောသည်။

ပြည်သူများအနေဖြင့် မီဒီယာ လက်ဝါးကြီးအုပ်မှုမျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသကဲ့သို့ ပြန်ကြားရေး ဝန်ကြီးဌာနမှလည်း ရုပ်သံလွှင့် မီဒီယာ ဥပဒေအမြန်ဆုံး ပေါ်ပေါက်ရန် အလိုရှိပြီး ရုပ်သံလွှင့် မီဒီယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိကြောင်း သိရပါသည်။ ရုပ်သံလွှင့် မီဒီယာ ဥပဒေ မပေါ်ထွက်သေးသဖြင့် ရုပ်သံလွှင့် မီဒီယာများကို ထိန်းကျောင်းရန် ပြန်ကြားရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးဆောင်သော ဘီဂျီဘီ (Broadcasting Governance Body)ကို ၂၀၁၃ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ပုဂ္ဂလိက ရုပ်သံလွှင့် မီဒီယာများအဖြစ် ဖေါ်အဲဗားကုမ္ပဏီနှင့် ရွေသံလွှင် ကုမ္ပဏီတို့ ရှိနေပြီး အက်ဖ်အမ်ရေဒီယို အသံလွှင့် မီဒီယာများ အဖြစ် မန္တလေး FM၊ ရွေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ ပဉ္စဝတီ FMနှင့် FMပုဂံ တို့ကို ခွင့်ပြုထားကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *