Health, Opinion, Travel

ရထားစီး ခရီးသွားများထဲက ကျွန်တော်

“ဂျိုးကြော်၊ စနိုက်ကြော်” “ငုံးဥကြော်၊ ကြက်ဥကြော်”
“ရေငှက်ကြော်ရမယ် ရေငှက်ကြော်”
“ဟင်္သာတ ဘူထာရောက်တော့မယ်နော်”

ငယ်စဉ်က ကြုံတွေ့ခဲ့ရသော ခရီးသွားမှတ်တမ်းလေး တစ်ခု ပြန်အမှတ်ရမိပါသည်။ ၇နှစ် ၈နှစ်သား အရွယ်ဘ၀က မိခင်နှင့်အတူ ဟင်္သာတသို့ အလည်သွားခဲ့စဉ်က ဖြစ်သည်။ ဒုတိယအကြိမ်ဆိုပေမယ့် ပထမအကြိမ် စီးခဲ့စဉ်က သုံးနှစ်သားအရွယ်လေးမို့ အမှတ်မရခဲ့။ သိတတ်စ အရွယ်မို့ ပထမအကြိမ်လိုသာ ဖြစ်ခဲ့သည်။ အသက် (၅)နှစ် ပိုကြီးသော အစ်ကိုကြီးကို လမ်းတစ်လျှောက် တွေ့သမျှ သိလိုသမျှ မေးရင်း ရထားစီးခဲ့ရသည်ကို ပျော်စရာ အတွေ့အကြုံတစ်ခု၊ အသစ်အဆန်းတစ်ခုအဖြစ် အမှတ်တရ ရှိခဲ့ခြင်းတည်း။

တိုးတက်လာသော လမ်းပန်းဆက်သွယ်ရေးကြောင့် အမြန်ယာဉ်များ၊ မော်တော်ကားလိုင်းများ ဥဒဟို ပြေးဆွဲသွားလာကြသော ခေတ်တွင်ကား ရထားဟူသည် သာမန်ခရီးသွား လူတန်းစားတို့အဖို့ အလှမ်းေ၀းခဲ့သည်။ ခေတ္တခဏတာ ပင်ပန်းသော်ငြား အမြန်ရောက်သော လမ်းခရီးများကို အသုံးပြုလာကြသဖြင့် စာရေးသူတို့လည်း နောက်ပိုင်း ရထားမစီးဖြစ်တော့သလို “ဒီတစ်သက်တော့ ရထားထပ်စီးဖြစ်မယ် မထင်” ဖြစ်ခဲ့သည်။ သို့သော် လူ့ဘ၀ဟူသည် ဆန်းကြယ်လှသည်။ အကွေ့အကောက်များသကဲ့သို့ အနိမ့်အမြင့်လည်း ရှိသည်။ တည်ငြိမ်သည်ဆိုဦးတော့ အရွေ့အပြောင်းလေးတော့ ရှိစမြဲ။ ထိုအရွှေ့ထဲတွင် လူသားတစ်ဦးဖြစ်သည့် စာရေးသူလည်း အပါအ၀င်…

“မောင်ရင် ဆေးရုံကို လ/ထ ကထိကအဖြစ် သင်ကြားရေးတာ၀န်နဲ့ တက္ကသိုလ်ရဲ့ အင်အားအဖြစ် ပြောင်းရမယ်”

၀မ်းသာရမည်လော၊ ၀မ်းနည်းရမည်လော။ လက်ရှိတာ၀န် ထမ်းဆောင်နေသော နေရာဌာနနှင့် သဟဇာတကျ၍ အခြေခိုင်မည် ရှိသေး။ မိမိနှင့်မကျွမ်း၀င်သော နေရာသို့ ပြောင်းရဦးမည်။ ဒီပညာနဲ့ ဒီအလုပ်တာ၀န်တွေပဲ ထမ်းဆောင်ရမည်ကို မကြောက်သော်လည်း ပတ်၀န်းကျင် အသစ်မို့ ပူပန်မိသည်။ ထို့အပြင် အသွားအလာနှင့် Timing…

“ဆရာ–ကနေဆိုရင် မနက်ခင်း ရထားစီးသွားပါလား —ဘူတာဆင်းလိုက်ရင် — ဆေးရုံဘေးပေါက် တန်းရောက်တယ်”

“ဗျာ ရထား”
“ဟုတ်တယ်လေ ဆရာ၊ မြို့ပတ်ရထားတွေက နာရီ၀က် တစ်စင်းလာနေတာ၊ ပြီးတော့ ခုခေတ်က နဂိုလိုမကြပ်တော့ဘူး၊ အထူးတန်းဆို ထိုင်ခုံလဲရ၊ လူလည်းသန့်တယ်”

ဆေးရုံအသစ်မှ လက်ထောက်ဆရာ၀န်လေး ဒေါက်တာ ဇင်မင်းက ပြောသည်ကို တအံ့တသြ ဖြစ်ခဲ့သည်။ သို့သော် မယုံရဲသဖြင့် ပထမနေ့ Taxi၊ ဒုတိယနေ့ Taxi၊ တတိယနေ့ Taxi… မနက်ခရီးစရိတ်ပင် လေးထောင်နှင့် လေးထောင့်ငါးရာကြား နေ့စဉ်ကျနေသည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်များက လ/ထ ဆရာ၀န်တစ်ဦး၏ ပေါက်ကွဲသံစဉ်တစ်ခုကို ပြန်သတိရမိသည်။ “ကျူပ်တို့ကို လခပေးထားတယ်ဆိုပြီး လာမကြောနဲ့၊ ကျူပ်တို့ရတဲ့ ပိုက်ဆံက လခလို့ မပြောနဲ့၊ “လာခ” ပဲ ရှိတယ်ဟု ပြောခဲ့ခြင်းတည်း။ ယခုကဲ့သို့ဆိုလျှင် သူပြောတာ မှန်နေပြီ။ “ဒီနှုန်းနဲ့ဆို ငါ့လခတော့ ပြောင်ပြီပဲ”

လူရွှင်တော်များ ပြောသကဲ့သို့ “ဒို့က ငွေရေး ကြေးရေး အဓိက မထားပါဘူး။ ပိုက်ဆံရရင် ပြီးတာပဲ”ဟု ဆိုသလိုပင် ဆရာ၀န်လည်း ငွေကိစ္စထည့်ပြောနေလျှင် အသပြာဆရာဟု နာမည်တပ်ခံရဦးမည်။ သို့သော် ပိုက်ဆံမကုန်အောင်တော့ ချေွတာရဦးမည်။ ပိုက်ဆံကုန်သည်က အဓိက မဟုတ်ဦးတော့ ကားကြပ်လွန်း၍ Taxi ပေါ်၌ ၁နာရီခွဲ ၂နာရီ အချိန်ကုန်သွားသည်။ ဆေးရုံရောက်လျှင် အမြဲ သူများနောက််မှ “ဒီလိုနဲ့တော့ မဖြစ်ချေဘူး။ နောက်တစ်နည်းနည်းနဲ့ ဆေးရုံလာဖို့ ကြံစည်မှ…”

“မြို့တွင်းသို့ ထွက်ခွာမည့် အမြန်ရထားသည် စင်္ကြန်အမှတ် (၁)မှ ဖြတ်သန်းမည် ဖြစ်ပါသည်” — ဘူတာသို့ အ၀င် ကြားရသော ကြေညာသံစကား၊ သို့နှင့် ဒေါက်တာပီတိတစ်ယောက် ရထားပြန်စီး ဖြစ်ခဲ့သည်။ မူလအစ ပထမက ရထားစီး ခရီးသွားအများစု၏ ပုံပန်းသဏ္႑န်ကို အတွေးဖြင့် ပုံဖော်ကြည့်ခဲ့မှုများက အထင်နှင့်အမြင် လွဲလှသည်။ ခေါင်းပေါ်တွင် ဟင်းရွက်တောင်းကို ရွက်ကာ ကလေးတစ်ယောက်ကို လက်ကဆွဲလာမည့် ဈေးသည်အဒေါ်ကြီး တစ်ဦး၊ လက်ဆွဲအိတ်တစ်လုံးကို လက်က သယ်၍ ကျောပိုးအိတ်ကို လွယ်လာသူ အမျိုးသားတစ်ဦး ကလေးငယ်တစ်ယောက်ကို ခါးတွင်းချီ၍ တစ်ယောက်ကို လက်မှ ဆွဲလာသည့် အမေတစ်ဦးနှင့် သူ၏နောက်မှ ကလေးငယ်လေးဦး၊ လွှ အစရှိသည့် လက်သမား ကိရိယာ တန်ဆာပလာများနှင့် လူတစ်ဦး၊ ဂုန်နီအိတ်အတွင်းသို့ စုန်စီနဖာ ပစ္စည်းစုံကို ထည့်သယ်လာသော လူငယ်တစ်သီး၊ အစရှိသူတို့နှင့် ကွမ်းတံထွေးပေးနေသော အနံ့အသက် မကောင်းသည့် ရထားတွဲပေါ်သို့ မိမိ လုတက်ရတော့မည်။ ထိုစဉ် “ဘော်”ကနဲ ဥသြဆွဲသံကြီးက ရင်ကိုတုန်စေပြီး ဂျူန်းဂျူန်းနှင့် ဘေးမှ ဖြတ်သွားသော ရထားမှ ဟတ်သောလေက အသည်းအေးသွားခိုက် ရထားပေါ်မှ ချော်ကျသည်။ “ဘုရား၊ ဘုရား” ရထားပေါ်လိုက်ရင်း အိပ်ငိုက်သွားခဲ့သည် မဟုတ်လော။

အမှန်တော့ “အထူးတွဲ”ဆိုသည့် အဝါရောက်တွဲလေးက စာရေးသူကို စီးကြိုခဲ့သည်။ လူတက်မည့်သူ မရှိသကဲ့သို့ ရုံးသွားရုံးလာများနှင့် ကုမ္ပဏီ၀န်ထမ်း အများစုကို တွဲပေါ်ရှိ ခုံများပေါ်၌ တည်ငြိမ် အေးချမ်းစွာ တွေ့ရသည်။ တစ်ဘူတာမျှ မတ်တပ်ရပ်လိုက်ရုံဖြင့် ထိုင်ခုံနေရာရသည်။ အနံ့အသက်ကောင်း၊ လေ၀င်လေထွက်ကောင်းသလို သန့်ရှင်းရေးမဆိုးလှ။ ဘတ်စကားပေါ်မှာကဲ့သို့ တွန်းတိုက်မည့်သူမရှိ၊ နှမချင်း မစာမနာ ရိုင်းပြစော်ကားမည့်သူ မရှိသဖြင့် စကပ်တိုတိုဖြင့် ၀န်ထမ်းမိန်းကလေးများလည်း တည်တည်ငြိမ်ငြိမ် မကြောင့်မကျ စီးကြဟန်တူသည်။ နေရာရရုံမက ရထားက ချော့သိပ်သလိုဖြစ်ခဲ့၍ အိပ်ပင်ငိုက်ခဲ့သည်။ တစ်ဘူတာ နှစ်မိနစ်၊ သုံးမိနစ်သာ ရပ်ပြီး လိုင်းကားကဲ့သို့ မှတ်တိုင်ကျောက်ချ လူစောင့်မတင်၊ လမ်းဆုံမှန်သမျှ သူကသာဖြစ်ပြီး ကားသေးကားကြီး၊ Taxi၊ vip ရှိသမျှ ကားရပ်ပေးကြရသည်။ သူများပိတ်မှာ မကြောက်ရ၊ မစောင့်ရတော့ ဆေးရုံကို 7:30 ရောက်သွားသည်။ ယခင်ထ်က် (၁)နာရီစော၍ အလုပ်သမားများပင် ဆေးရုံ သန့်ရှင်းရေး မလုပ်ရသေး။ “သြော် ရထားကို အထင်သေး၊ ရထားစီး ခရီးသွားများကို အထင်သေးမိခဲ့တဲ့ ငါပါလား…”

ထိုနေ့မှစ၍ ဒေါက်တာပီတိတို့ လန်းဆန်းနေသည်။ အိပ်ယာစောစောမထရ၍ အိပ်ရေးမပျက်သလို လိုင်းကား တိုးမစီးရ၍ လူလည်းမပင်ပန်း။ Taxiခ မကုန်၍ စိတ်ချမ်းသာရပြီး ဆေးရုံသို့ အချိန်မီရောက်သဖြင့် မျက်နှာပန်းလှသည်။ “သိသူဖော်စား၊ မသိသူကျော်သွား”တဲ့ “ဆရာရယ် ကပ်စေးမနဲပါနဲ့ Taxi ပဲ စီးပါ ဒီရထားကြီးတော့ တိုးမစီးပါနဲ့”တဲ့။ ရှင်းပြလည်း လက်မခံတတ်သည့် အထက်အရာရှိ။ ရထားစီး ခရီးသွားတစ်ဦးအဖြစ်ကို အထင်သေးစရာဟု ထင်နေသည်။ အမှန်တော့ ဖြစ်ပျက်တရားနှင့် မမြဲသော ခန္ဓာရရှိထားသူ အချင်းချင်း ဘာကွဲသနည်း၊ ဘာကွာသနည်း။ တစ်ခါတစ်ရံ လူတို့သည် အမှန်ကို မသိပဲ မှန်းဆ၍ တစ်ဖက်သားကို အထင်သေးတတ်ကြသည်။ ထိုအဖြစ်ကို ရထားစီး ခရီးသွားများထဲမှ ကျွနု်ပ်က သက်သေပြလိုက်ချင်ပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *