News

သာကေတတွင် အသံချဲ့စက် ဖွင့်ခွင့် တင်းကျပ်

သာကေတမြို့နယ်တွင် အသံချဲ့စက် အသုံးပြုလိုပါက မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချူပ်ရေးမှူးများထံမှ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အသံချဲ့စက် အသုံးပြုခြင်းအတွက် ခွင့်ပြုချက် ရယူရခြင်းမှာ ရပ်ကွက်အတွင်း ဆူညံခြင်းများ မဖြစ်စေရန်နှင့် ဘာသာရေးသီချင်းများနှင့် ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေး ဆူပူမှုများ မဖြစ်စေရန်လည်း ရည်ရွယ်သည်ဟု ဆိုသည်။

“အသံချဲ့စက် ဥပဒေဆိုတာရှိနေတော့ ဥပဒေအတိုင်း ဆောင်ရွက်တာပါ။ “သွေးအေးမနေနဲ့” သီချင်းတစ်ပုဒ်တည်းကို ရည်ရွယ်တားမြစ်တာ မဟုတ်ပါဘူး။ ဘယ်သီချင်းမဆို အသံချဲ့စက် အသုံးပြုပြီး ဖွင့်ကြမယ်ဆိုရင် ဥပဒေအရ တားမြစ်မှာပါပဲ။ အခုလည်း ဘာမှမဟုတ်တဲ့ ကိစ္စလေးနဲ့ အဓိကရုဏ်း မဖြစ်အောင်လို့ ကြိုတင်ကာကွယ်တဲ့ သဘောပါ”ဟု သာကေတမြို့နယ် အုပ်ချူပ်ရေးမှူး ဦးစန်းမင်းက ပြောသည်။

ယင်းအသံချဲ့စက်နှင့် ပတ်သက်၍ တားမြစ်ချက် ထုတ်ထားခြင်းမှာ အဆိုပါ “သွေးအေးမနေနဲ့” အမည်ရ ဘာသာရေး လှုံဆော်မှုသီချင်း ဖွင့်လှစ်ခြင်းကြောင့်ဟု ယင်းမြို့နယ်တွင် နေထိုင်သူများက အထင်လွဲမှားနေကြောင်းလည်း သိရသည်။ “ရပ်ကွက်ပုံမှန် အစည်းအေ၀းမှာ မြို့နယ်အုပ်ချူပ်ရေးမှူးက “သွေးအေးမနေနဲ့” ဒီသီချင်းကို မဖွင့်ရဘူးဆိုပြီး တားမြစ်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် ရပ်ကွက်မှာတော့ ဖွင့်ကြတာပါပဲ။ တားမြစ်လို့လည်း မရပါဘူး။ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကိုတော့ အကုန်လုံးက ချစ်ကြတာဆိုတော့ တားမြစ်ရင် မိုက်ရူးရာရောက်မယ်။ ဘယ်ဘာသာမဆို ကိုယ်ချင်းစာကြရင်တော့ ဘယ်သီချင်းဖွင့်ဖွင့် ဘာမှမဖြစ်နိုင်ဘူး။ အခုတော့ သီချင်းဖွင့်တုန်းပါပဲ။ မဖွင့်ရဘူးလို့လည်း မတားမြစ်ထားပါဘူး။ ဒါပေမယ့် အသံချဲ့စက် ဥပဒေတော့ ရှိတာပေါ့”ဟု ရာအိမ်မှူးတစ်ဦးက ပြောသည်။

ထိုကဲ့သို့ “သွေးအေးမနေနဲ့” သီချင်းကို ပိတ်ပင်ခြင်းမဟုတ်သော်လည်း မည်သည့်ဘာသာပဲဖြစ်ဖြစ် အသံချဲ့စက်သုံးရင် ဥပဒေအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းမဖြစ်အောင် ကြိုတင်ကာကွယ်ပြီး မြို့နယ်အေးချမ်းသာယာမှုကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *