News

ဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီများ အလွဲသုံးစားပြုမှု တွေ့နေရ

Refugee

နေပြည်တော်တွင် ပြုလုပ်ခဲ့သော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အစိုးရ အဖွဲ့ဝင်ဝန်ကြီးများကို “လာဘ်ပေးလာဘ်ယူမှုများသည် သာမန်အားဖြင့် အစိုးရဝန်ကြီးဌာနများမှ လုပ်ရိုးလုပ်စဉ်အဖြစ် ကြုံတွေ့ရလေ့ရှိသည့် ပြဿနာဟု ထင်ရသော်လည်း ယခုကဲ့သို့ ခေတ်သစ်ကာလမျိုး၌ နိုင်ငံဖံွ့ဖြိုးရေး လုပ်ငန်းများအပြင် လက်နက်ကိုင် ပဋိပက္ခဒေသနှင့် သဘာဝဘေး အန္တရာယ်များကြောင့် ခံစားရသည့် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ လှုဒါန်းခြင်းများ၊ အကူအညီပေးခြင်းများကို အလွဲသုံးစား ပြုခြင်းများ တွေ့ကြုံလာရပြီ ဖြစ်သည်”ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဒေါက်တာ စိုင်းမောက်ခမ်းက ဆက်လက်၍ လာဘ်ပေးလာဘ်ယူမှုများသည် များသောအားဖြင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် ပိုမို တွေ့ရပြီး လာဘ်ပေးလာဘ်ယူမှုသည် ဆင်းရဲသည့် ပြည်သူများထံမှ ရယူသည့် လာဘ်စားမှုဟုလည်း ခေါ်ဆိုကြကြောင်း၊ စီးပွားရေး လောကအတွင်း လာဘ်ပေးလာဘ်ယူမှု ပြုခြင်းသည် ရိုးသားသည့် ကုန်သည်များကို မွဲပြာကျစေသည်ဟု ဆိုထားကြောင်း၊ ကော်မတီအနေဖြင့် အဂတိတရား ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပီပီပြင်ပြင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ဆေး အရေးယူမှု တစ်ခုတည်းကို အာရုံစိုက် လုပ်ဆောင်ခြင်း မပြုရန်၊ လာဘ်ပေးလာဘ်ယူမှု ဖြစ်ပေါ်လာရသည့် အကြောင်းအရာများကို စိစစ်ပြီး ဇာစ်မြစ်ကို ဖော်ထုတ် ဖြေရှင်းရန် ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုများကြောင့် လာဘ်ပေးလာဘ်ယူမှုများအား လုပ်ကိုင် ဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး ယင်းသို့ ဆောင်ရွက်မှုများကြောင့် နိုင်ငံပိုမို ဆင်းရဲနေရခြင်း ဖြစ်ကြောင်း၊ နေပြည်တော်၌ ဇွန်လကုန်ပိုင်းက ကျင်းပခဲ့သော လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးနှင့် ပွင့်လင်း မြင်သာမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင် ကိုးဦး ပါဝင်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ယခုနှစ် ဇန်နဝါရီ ၉ရက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ခုနှစ်က နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International)မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းများအရ နို်င်ငံပေါင် ၁၈၀ကျော်တွင် မြန်မာနိုင်ငံသည် အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး မြန်မာနိုင်ငံထက် ဆိုးသည့် နို်င်ငံများမှာ ဆူဒန်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာတို့ ဖြစ်ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “ဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီများ အလွဲသုံးစားပြုမှု တွေ့နေရ

  1. Myo Thiha says:

    ဒီလိုလုပ်နေကြတာ ကာလ တော်တော်ကြာနေပြီ။ပပျောက်အောင်လုပ်ဖို့ ဆိုတာကလည်း အချိန်တွေ ဘယ်လောက်ယူ ယူကောင်းတဲ့အကျင့်တွေရှိမှသာ ပပျောက်နိုင်မယ်။ဒီလို ဒုက္ခသည်တွေ ဆီက ကြားဖြတ်ယူတာကတော့ အဆိုးဝါးဆုံးသော အောက်တန်းကျမှုပါပဲ။သူတော်ကောင်းယောင်ဆောင်တဲ့ အထက်ကလူကြီးတွေအများကြီး ရှိသေးတယ်။

  2. sithusoepaing says:

    အကျင့်ပျက်ခြစားမှု.ဆင်းရဲမွဲတေမှု.လာဘ်ပေးလာဘ်ယူမှုတွေမှာမြန်မာကနံပါတ်တစ်ပါ။ခေတ်ကာလဘယ်လောက်ပြောင်းပြောင်းဒီလိုလူစားတွေရှိနေရင်တိုင်းပြည်မွဲသထက်မွဲမှာပဲ။

Leave a Reply

Your email address will not be published. Required fields are marked *