News

ပြည်ထောင်စု လွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်း

သြဂုတ်လ ၇ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် အာဏာပိုင်နှင့် သူတို့ မိသားစုများ၏ ပိုင်ဆိုင်မှု စာရင်းများကို လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်က တောင်းသည့်အခါ မပေးလျှင် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ထည့်သွင်း ပြဋ္ဌာန်းထားသည်ဟု သိရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့်နှစ်က ပြဋ္ဌာန်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ဖျက်သိမ်းပြီး ယခုအသစ် ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ထိုသို့ ပါဝင်လာခြင်း ဖြစ်သည်။

အာဏာပိုင်တို့၏ ပိုင်ဆိုင်မှု စာရင်းများကို ကြည့်ရှု စစ်ဆေးမည့် “လာဘ်ပေးလာဘ်ယူမှု တားမြစ်ရေး ကော်မရှင်”ဆိုသည်မှာ လောလောဆယ် မရှိသေးပဲ၊ ယခုဥပဒေသစ်အရ အသစ်ဖွဲ့စည်းရမည်ဟု ဆိုသည်။ အဖွဲ့ဝင် ၁၅ဦး ပါဝင်မည့် ထိုကော်မရှင်အတွက် သမ္မတ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌတို့က ငါးဦးစီ အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။ ထို ၁၅ဦးအနက် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို သမ္မတကသာ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖွဲ့စည်းထားသည့် ကော်မရှင်က အာဏာပိုင်များ၏ ငွေကြေး၊ ရပိုင်ခွင့်နှင့် ပိုင်ဆိုင်မှုများကို ကြေညာရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တောင်းခံမည် ဖြစ်ပြီး၊ ထိုသို့ တောင်းခံလာပါက အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မည်သို့ မည်ပုံ၊ ပိုင်ဆိုင်ခဲ့သည်လည်း ကြေညာကာ ကော်မရှင်ကို ရှင်းလင်း တင်ပြရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့အပြင် အာဏာပိုင်များသည် ၎င်းတို့ပိုင် ပစ္စည်းများကို ရောင်းချခဲ့ပါကလည်း ထိုရောင်းချငွေကို အခွန်ဆောင်ထားကြောင်း၊ အထောက်အထား ပြရမည်ဖြစ်ပြီး၊ ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ ၎င်းတို့ ပိုင်ဆိုင်သည့် ငွေ၊ ပစ္စည်းနှင့် ရပိုင်ခွင့်များကိုလည်း ကော်မရှင်ကို တင်ပြရမည်ဟု သိရသည်။ အာဏာပိုင်များ အနေနှင့် ၎င်းတို့ပိုင် ပစ္စည်းများကို သာမက တစ်စီးပွားတည်း ဖြစ်သော မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း ၎င်းတို့ ပိုင်ဆိုင်မှုများကဲ့သို့ ကော်မရှင်ထံ အသေးစိတ် အစီရင်ခံရမည် ဖြစ်သည်။ အကယ်၍ အာဏာပိုင် ပုဂ္ဂိုလ် သေဆုံးသွားခဲ့လျှင်ပင် ကျန်ရစ်သူ မိသားစုက အထက်ပါ စည်းမျဉ်းအတိုင်း ပိုင်ဆိုင်မှုများကို အသေးစိတ် တင်ပြရမည်ဖြစ်သည်ဟုလည်း ဥပဒေက ဆိုထားသည်။

သို့သော် ထိုသို့ ပြဋ္ဌာန်းထားသည့် အဆိုပါ ဥပဒေပုဒ်မ ၄၇တွင် “လုပ်ပိုင်ခွင့် အာဏာရှိသူများ”ဟုသာ ထည့်သွင်းပြဋ္ဌာန်းထားပြီး မည်သည့်အဆင့်ရှိသည့် အာဏာပိုင်မှ စတင်၍ ပိုင်ဆိုင်မှု ကြေညာရမည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ “နည်းဥပဒေ ထွက်လာသည့်အခါ မည်သည့် ရာထူးအဆင့်ရှိသူဟူ၍ အသေးစိတ် သိရမည်”ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ် ဦးသိန်းညွန့်က မဇ္ဈိမသို့ ပြောသည်ဟု သိရသည်။ ယခုအဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ပတ်သက်၍ ဦးသိန်းညွန့်က “စင်ကာပူမှ လုပ်တဲ့ အတိုင်းပဲ”ဟု ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသစ်အရဆိုလျှင် မည်သည့် ပြည်သူကမဆို လုပ်ပိုင်ခွင့် ရှိသည့် အာဏာပိုင်ဖြစ်စေ၊ အာဏာပိုင်မဟုတ်သူဖြစ်စေ အဂတိလိုက်စားနေကြောင်း၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် သို့မဟုတ် ယခုဥပဒေသစ်အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့တို့သို့ တိုင်ကြားလျှင် ကော်မရှင်က အဆင့်ဆင့် စုံစမ်းပေးရမည်ဟု ဥပဒေတွင် ပါရှိသည်။

သို့သော် လိမ်လည်တိုင်တန်းလျှင်မူ ယခုဥပဒေအရ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ပြဋ္ဌာန်းထားသေးသည်။ လာဘ်ပေးသူ သို့မဟုတ် လာဘ်ယူသူသည် ထိုသို့ ပြုလုပ်သည်ကို ကော်မရှင်က စစ်ဆေး၍ ပေါ်ပေါက်လျှင် ထောင်ဒဏ် အပြစ်ပေးခံရမည့်အပြင် အဂတိလိုက်စား၍ ရထားသည့် ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းခံရမည်ဖြစ်သည်ဟု ဥပဒေသစ်တွင် ဖော်ပြပါရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းသည့် သြဂုတ်လ ၇ရက်နေ့နှင့် တိုက်ဆိုင်စွာပင် လာဘ်စားသဖြင့် အစိုးရက အရေးယူထားသည့် နိုင်ငံ့ဝန်ထမ်းများ၏ စာရင်းကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာရင်းတွင် နိုင်ငံ့ဝန်ထမ်း ၄၅၀ဦးကို အဂတိလိုက်စားသဖြင့် အရေးယူထားပြီး ၎င်းတို့အနက် ၃၆၂ဦးကို နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃အရ အရေးယူထားပြီး ၆၉ဦးကို ဌာနပြောင်းရွှေ့စေသည့် ပြစ်ဒဏ်ချမှတ်ထားကာ ၁၈ဦးကို အငြိမ်းစား ပေးလိုက်သည်ဟု တွေ့ရသည်။ တစ်ဦးကိုမူ ထောင်ဒဏ်ပင် အပြစ်ပေးလိုက်သည်ဟု အစိုးရက ထုတ်ပြန်သည်။

အစိုးရက ယခုနှစ် ဇန်နဝါရီလ ၈ရက်နေ့တွင် ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်း ဦးစီးသည့် လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ကိစ္စများနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ရန် အခက်အခဲ ရှိသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပင် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဇူလိုင်လက ပြုလုပ်သည့် ယင်းကော်မတီ၏ အစည်းအဝေးတွင် ဒေါက်တာစိုင်းမောက်ခမ်းက ပြောခဲ့ဖူးသည်ဟု သိရသည်။

အကျင့်ပျက် ခြစားမှုများကို စောင့်ကြည့်သည့် ဂျာမနီ အခြေစိုက် Transparency International အဖွဲ့၏ ၂၀၁၂ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆နိုင်ငံတွင် မြန်မာနိုင်ငံ၏ အခြေအနေသည် အဆင့် ၁၇၂တွင် ရှိနေရာ အဆိုးရွားဆုံး ငါးနိုင်ငံစာရင်းတွင် ပါဝင်နေသည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *