Opinion

ကိုဘအေး ……. လေးဇီး (Lazy) ဖြစ်နေသည်

” အဖေကြီး စာမရေးသေးဘူးလား ”

” ဒီတစ်ခါ ဘာရေးမှာလဲ ”

ကိုဘအေးက စဉ်းစားနေတုန်းပဲဆိုတော့ ” အဖေကြီးကလည်း စဉ်းစားနေတုန်းပဲလား”တဲ့

မဒမ် ဘအေးကလည်း တမှောင့် ၊ ကိုဘအေးကို စာမရေးသေးလို့ ပူညံ ပူညံ လာလုပ်နေတာ။ မဒမ်ဘပူလို့ ခေါ်ရတော့မယ်။ ဒီမှာဘာရေးရမလဲ အကြောင်းရှာမရလို့ ဦးနှောက်ခြောက်နေရတဲ့အထဲ၊ (အမှန်တော့ ကိုဘအေးက အပျင်းထူနေတာ) ပြီးတော့ စာရေးမှ ထမင်းစားရမှာ ကျနေတာပဲ။ စာမရေးလည်း ငတ်နေတာ။ အဲ ငတ်နေတာမဟုတ်ပါဘူးလို့ ။

စာရေးတဲ့အလုပ်က ကိုဘအေးအတွက် အောက်ဆိုက်ရှာတဲ့အလုပ်ပါ။ အပို၀င်ငွေရှာတဲ့အလုပ်ပေါ့  စာများများရေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဟိုဂျာနယ်တိုက် ပို့လိုက် ၊ ဒီဂျာနယ်တိုက် ပို့လိုက် ၊ ဟိုမဂ္ဂဇင်း တိုက် ပို့လိုက် ၊ ဒီမဂ္ဂဇင်းတိုက် ပို့လိုက်နဲ့ ။ သတင်းစာမှာ ရေးနိုင်ရင် (ပင်တိုင် ဆောင်းပါးရှင်လိုမျိုးဆိုရင်) နေ့တိုင်းတောင် ၀င်ငွေက ရနေဦးမယ်။ သတင်းစာက စာမူခ ဘယ်လိုရှင်းသလဲတော့ မသိဘူးပေါ့နော်။ ဂျာနယ်ဆိုရင် တစ်ပတ်တစ်ခါမှ မဂ္ဂဇင်းဆိုရင် တစ်လတစ်ခါမှ ။ မဂ္ဂဇင်းမှာက ၀တ္ထုရေးနိုင်ရင် ပိုကောင်းတယ်။ ၀တ္ထုတို ၊ ၀တ္ထုရှည်ပေါ့။ အခုနာမည်ကျော်နေတဲ့ စာရေးဆရာကြီးတွေဆိုရင် မဂ္ဂဇင်းရေးရင်းက စခဲ့တာပဲလေ။ ဟိုတုန်းက ရှုမ၀ ဦးကျော်ထုတ်တဲ့ ရှုမ၀ မဂ္ဂဇင်းတို့ ၊ သရုပ်ဆောင် အဆိုတော် စာရေးဆရာ မင်းသားကြီး (စာလုံးရေပိုများအောင်လို့ပါ ဟဲဟဲ) ၀င်းဦးထုတ်တဲ့ စန္ဒာမဂ္ဂဇင်းတို့ဆိုရင် ကလောင်သစ်တွေကို အားပေးတယ်။ တခြားမဂ္ဂဇင်းတွေကလည်း သူတို့ကြိုက်ရင် ၊ စာမူကောင်းရင် ထည့်ပေးပါတယ်။ ကိုယ်ကကောင်းကောင်း ရေးနိုင်ဖို့ ဇွဲမလျှော့ဖို့တော့ လိုတာပေါ့။ အဲဒီကနေပဲ စာရေးဆရာတွေ ဖြစ်လာကြတာ မဟုတ်လား။ ကဗျာ ဝါသနာ ထုံတဲ့သူကလည်း ဒီလိုပဲ။ ကဗျာတွေ ရေးပို့ ရေးပို့ရင်းနဲ့ပဲ ကဗျာဆရာတွေ ဖြစ်လာကြတာ။

စာရေးဆရာ ၊ ကဗျာဆရာဆိုတဲ့ ဘွဲထူး ၊ ဂုဏ်ထူးကလည်း တော်ရုံလွယ်လွယ်နဲ့တော့ ရလာတာ မဟုတ်ပါဘူး။ ၀တ္ထုအပုဒ်တစ်ရာ ၊ ကဗျာအပုဒ်တစ်ရာ ရေးနိုင်လည်း ရသမမြောက်ရင် စာဖတ်သူရဲ့ ရင်ထဲကို မထိရင် ၊ ဒါမှမဟုတ်လည်း သင်ခန်းစာတစ်ခုခု မကျန်ခဲ့ရင် စာရေးဆရာဘွဲ့ မတပ်နိုင်သေးဘူးလို့ ဆိုရပါမယ်။ စာရေးသူလို့ပဲ ခေါ်ရမယ်ထင်ပါတယ်။ ကိုဘအေးတို့လည်း စာရေးသူအဆင့်ပဲ ရှိပါသေးတယ်။ စာရေးဆရာ အမည်တပ်ဖို့က အလှမ်းအဝေးကြီးပါ ။ ကြိုးစားနေရဆဲပါ ။ အများကြီး ကြိုးစားရဦးမှာပါ ။ တကယ့် စာရေးဆရာဖြစ်သွားရင်တော့ ဘာရေးရေး စာဖြစ်သွားမှာပဲ ။ အရသာရှိတဲ့ စာမျိုးတွေ ရေးနိုင်တော့မှာပေါ့ ဗျာ။ ကိုဘအေးလည်း အဲဒီလိုမျိုး ဖြစ်ချင်ပါတယ်။ ကိုယ်က အလှမ်းတော့ မကျယ်နိုင်သေးပါဘူး။ ဆောင်းပါး လေး တစ်ပုဒ်စ ၊ နှစ်ပုဒ်စ ရေးရင်းနဲ့ ကြိုးစားနေရတာပါ ။ ဒီကြားထဲ မဒမ်ဘအေးက စာမရေးသေးဘူးလား  စာမရေးသေးဘူးလားနဲ့ တကျီကျီလာလုပ်နေတာ။

စာရေးတာနဲ့ ပတ်သက်လို့ စာရေးဆရာ ၊ သတင်းစာ ဆရာဖြစ်တဲ့ ဆရာမကြီး လူထု ဒေါ်အမာက ပြောဖူးတယ်။ စာပေအနုပညာရှင် စာရေးဆရာတစ်ယောက်ရဲ့ ရပ်တည်ချက် သဘောထားကို ပြောခဲ့တာ ဖြစ်ပါတယ်။ စာရေးသည်ဖြစ်စေ ၊ ကဗျာဖွဲ့သည်ဖြစ်စေ ၊ တေးစပ်သည်ဖြစ်စေ မိမိမှာ ပြောစရာရှိမှ ရေးဖွဲ့ စပ်ဆိုသင့်ပါကြောင်း ၊ ဘာဟူ၍ မည်မည်ရရ ပြောစရာမရှိက မိမိက ဘာယုံကြည်သည် ၊ ဘာဦးတည်သည် ဟူ၍ မိမိကိုယ်၌က မပြတ်သားဘဲ စာရေးခြင်း ၊ ကဗျာဖွဲ့ခြင်း ၊ တေးသီချင်းစပ်ခြင်းပြုလျှင် ပြောင်မြောက်သော စာများ ၊ ကဗျာများ ၊ တေးသီချင်းများ ထွက်နိုင်ဖို့ မရှိပါကြောင်း ထွက်လာလျှင်လည်း နှင်အား ၊ မောင်းအား မပါသော ”စာငုတ်တုတ်”များသာ ဖြစ်နေလိမ့်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ဆရာမကြီး လူထုဒေါ်အမာဟာ တက္ကသိုလ်ကျောင်းသူဘ၀ကပင် ဂန္ထလောက မဂ္ဂဇင်း ၊ ဘားမား ဂျာနယ် ၊ ကြီးပွားရေးဂျာနယ်များမှာ ခင်လ၀င်း ၊ မြမဉ္ဇူ ကလောင်အမည်များဖြင့် စာများ စတင်ရေးသားခဲ့ တာဖြစ်ပါတယ်။ အဲဒီနောက် ကြီးပွားရေးဂျာနယ် အယ်ဒီတာဦးလှနှင့် လက်ထပ်ပြီး မန္တလေးမြို့ကနေ ကြီးပွား ရေးဂျာနယ်ကို ဆက်လက်ထုတ်ဝေပါတယ်။ ၁၉၄၅ ခုနှစ်မှာ လူထုဂျာနယ်ကို စတင်ထုတ်ဝေပြီး လူထုဂျာနယ် အယ်ဒီတာ ဦးလှ ၊ လက်ထောက် အယ်ဒီတာ ဒေါ်အမာရယ်လို့ ဖြစ်လာပါတယ်။ လူထုဂျာနယ်ရဲ့ မူဝါဒကို ဖော်ပြရာမှာတော့ ” ကျွန်ုပ်တို့၏ ဂျာနယ်သည် မည်သည့်ဂိုဏ်းဂဏ ၊ ပါတီတို့နှင့်မျှ ငွေရေးကြေးရေး ၊ ဝါဒရေးနှင့် ပတ်သက်၍ စပ်လျဉ်းမှုမရှိ ၊ ကျွန်ုပ်တို့ ယုံကြည်ယူဆသည့်အတိုင်း တစ်သမတ်တည်း သွားမည် ဖြစ်၏ ” လို့ဆိုပါတယ်။

ဂျာနယ်ရဲ့ ထူးခြားမှုကတော့ ဂျာနယ်မျက်နှာဖုံးနှင့် ပတ်သက်ပြီးတော့လည်း မျက်နှာဖုံးပန်းချီရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းဖွင့်ဆိုထားတာ ဖြစ်ပါတယ်။ ဘယ်လိုဖွင့်ဆိုထားသလဲဆိုတော့ ” သန်းခေါင်ကာလ လကွယ်နေ့ည၌ တောနက်ကြီးအတွင်းမှာ မျက်စိလည် လမ်းမှားသူကို လမ်းညွှန်လျက်ရှိသော လမ်းညွှန် ကြယ်တာရာ (Guiding Star) သည် အမြဲရှေ့ဆောင်လျက်ရှိ၏ ။ ထို့အတူ ဗမာလူထုကြီး လမ်းမမှားရလေ အောင် ၊ အမြင်မှန်ဖြင့် ချီတက်နိုင်အောင် ၊ စည်းရုံးရလေအောင် ဓူ၀ံကြယ်ကဲ့သို့သော လမ်းညွှန်ကြယ်ကြီးသည် အလင်းရောင် ဖြန့်ဖြူးလျက်ရှိပြီဟူသော အဓိပ္ပါယ်ဖြင့် မန္တလေးပန်းချီဆရာ ဘရင်ကလေးသည် ကျွန်ုပ်တို့၏ မျက်နှာဖုံးကို ရေးဆွဲလိုက်သည်” လို့ဖြစ်ပါတယ်။

Editorial ခေါ် ဂျာနယ်ရဲ့ တော်လှန်ရေးအမည်ရှိတဲ့ ခေါင်းကြီးကို ဖော်ပြရရင် ” ဖက်ဆစ်ဂျပန်နှင့် ပေါင်းခြင်းကို မှန်သည်ဟု ကျွန်ုပ်တို့ မဆိုလို ။ အင်္ဂလိပ်ကျွန်ဘ၀မှ လွတ်မြောက်ရန် အားထုတ်ခြင်းမှာမူ ဗမာလူထု၏ ဆန္ဒပင်ဖြစ်သည်။ ထို့အပြင် အင်္ဂလိပ်ကို တော်လှန်ခြင်းသည် ဂျပန်အကျိုးအတွက်မဟုတ် ။ ဂျပန်ကို တော်လှန်ခြင်းသည် အင်္ဂလိပ်အကျိုး အတွက်မဟုတ်။ ဒီမိုကရေစီရေး ၊ တိုင်းပြည်လွတ်လပါရေး အတွက်သာ ဖြစ်လေရာ တော်လှန်ရေးလုပ်သည်မှာ လမ်းမှန်ပင်ဖြစ်၏ ” လို့ဆိုပါတယ်။ ဒါဟာ အဲဒီကာလ အတွေးအမြင် စူးရှပြတ်သားတဲ့ ဂျာနယ်ရဲ့ ခေါင်းကြီးပိုင်း ၊ ပြောရလျှင် ဦးလှနှင့် ဒေါ်အမာသည် ဂျာနယ်ရဲ့ ခေါင်းနဲ့ ပန်းသဖွယ် ဂျာနယ်ကို ဦးစီး ဦးဆောင် ပြုသူများဖြစ်ပါတယ်။

လူထုသတင်းစာကို ၁၉၄၆ ခုနှစ် ၊ ဧပြီ(၁၉)ရက်မှာ စတင်ထုတ်ဝေပါတယ်။ အဲဒီအချိန်ကစပြီး စာပေ ဇနီးမောင်နှံအဖြစ် လူထုဦးလှ ၊ လူထုဒေါ်အမာဆိုပြီး လေးစားဖွယ် အမည်တွင်ခဲ့ပါတယ်။ ပြည်သူချစ်တဲ့ လူထုဒေါ်အမာဟာ သတင်းစာဆရာမကြီးလည်း ဖြစ်ပါတယ်။ သတင်းနဲ့ပတ်သက်ရင် အမြဲနိုးကြားနေတဲ့သူ ဖြစ်ပါတယ်။ ည(၈း၀၀) နာရီကျော်တာနဲ့ ဆရာမကြီးဟာ ရေဒီယိုလေးငါးလုံးကို တစ်လုံးပြီးတစ်လုံး ဖွင့်တယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ ကမ္ဘာ့သတင်းတွေကို နားထောင်ပြီး အကျဉ်းချုပ်မှတ်သားတယ်။ ည(၁၁:၀၀)နာရီကျော်တာနဲ့ သတင်းထုတ်လွှင့်ချက်များဟာ ၂၀ ၊ ၂၅ ခုလောက်ရှိတယ် ။ သတင်းတွေတစ်ခု နဲ့တစ်ခု မထပ်ရအောင် တိုက်စစ်ကြည့်တယ်။ စောင့်နေတဲ့ စာစီသမားလက်ထဲကို တစ်ပုဒ်ပြီးတစ်ပုဒ် ထိုးပေး နိုင်အောင် သွက်လက်စွာ ရေးရတယ်။ စာလုံးရေ ၁၀၀ ရှိတဲ့သတင်းကို ၃၃ လုံးမျှနဲ့ စာဖတ်သူတွေ နားလည် အောင် သိပ်သိပ်သည်းသည်း ရေးရတာပါ။ ဒါကို Precise Writing သံခိပ်ရေးနည်းလို့ ခေါ်ပါတယ်။ အနှစ် ချုပ်ရေးတာကို အလေ့အကျင့်မရှိတဲ့သူဆိုရင် ချွေးပြန်နိုင်တယ်။ လွယ်မယောင်နဲ့လည်း ခက်တယ်။ သတင်း ဆယ့်လေးငါးပုဒ်ကို တစ်နာရီအတွင်း အပြီးရေးနိုင်တဲ့ ဆရာမကြီးရဲ့ ကျွမ်းကျင်လျင်မြန်မှုကို သတင်းစာသမား တိုင်း မချီးကျူးဘဲ မနေနိုင်ကြပါ။

ဆရာမကြီး လူထုဒေါ်အမာဟာ ၂၀၀၈ ခုနှစ် ၊ ဧပြီလ (၇) ရက်နေ့ အသက ်(၉၃) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်၊ ဒုတိယကျောင်းသားသပိတ်မှာ ” ကျွန်စိတ်မွေးတဲ့တက္ကသိုလ်မှာ မနေလို လို့ ထွက်ခဲ့တာ ၊ တို့တစ်တွေညီညာရုန်းစုကာ ရွှေတိဂုံစေတီမှာ” ဆိုတဲ့ သပိတ်မှောက်သီချင်းကို သီဆိုပြီး ဗြိတိသျှကိုလိုနီ ပညာရေးစနစ်ကို ဆန့်ကျင်တိုက်ပွဲ၀င်ခဲ့တဲ့ မျိုးချစ်စိတ်ဓာတ် ထက်သန်တဲ့ အင်းလျားဆောင်နေ  တက္ကသိုလ်ကျောင်းသူလေး အမာဟာ နောင်အခါမှာ မြန်မာစာပေလောကမှာ လေးစားရတဲ့ စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာဆိုပြီး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ကိုဘအေးလည်း Hot News က စည်သူမြသန်းရဲ့ ဆရာမကြီး အမှတ်တရ ဆောင်းပါးကို ဖတ်မိလို့ ဆရာမကြီးပြောတဲ့ စာပေအနုပညာရှင် စာရေးဆရာတစ်ယောက်ရဲ့ သဘောထားရပ်တည်ချက်ကို ပြောရင်း အလျင်းသင့်လို့ ဆရာမကြီးအကြောင်း အနည်းငယ် ထည့်ရေးလိုက်တာပါ။

တကယ်တော့ စာရေးချင်တဲ့သူဟာ စာများများဖတ်ရပါတယ်။ လူရွှင်တော်တွေတောင် စာဖတ်ရပါ တယ်။ ဒါမှ ဗဟုသုတနဲ့ ပြည့်စုံပြီး အနှစ်သာရရှိတဲ့ ပြက်လုံးတွေ ထုတ်နိုင်မှာပါ။ အခုခေတ်မှာကတော့ ဖတ်စရာ ဂျာနယ်တွေကများမှများပဲ။ တစ်နေ့ကို ၁၀ စောင်လောက်တော့ အနည်းဆုံး ထွက်နေတာပါ။ ဂျာနယ်ရဲ့ အနှစ်ကတော့ ဆောင်းပါးတွေလို့ ပြောရမှာပါ။ နေ့စဉ်သတင်းအနေနဲ့ကတော့ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေကပဲ အစောင် ၂၀ လောက်ရှိမယ်ထင်ပါတယ်။ သတင်းဦး သတင်းထူး ဖော်ပြနိုင်ဖို့အပြင် သတင်းစုံအောင်လည်း ထည့်နိုင်တဲ့ သတင်းစာတွေကတော့ အဖတ်များပါတယ်။ သတင်းစာတွေက နေမြင့်သွား ရင် ကုန်တာများပါတယ်။ တခြားဖတ်စရာ မဂ္ဂဇင်းတို့ ၊ လုံးချင်းထုတ် စာအုပ်တို့ကတော့ ဈေးနည်းနည်းမြင့်တော့ တစ်ခါတစ်လေမှပဲ ၀ယ်ဖတ်ဖြစ်တယ်။ ကိုယ်သိပ်ဖတ်ချင်တဲ့ စာအုပ်ဆိုရင်တော့ မဖြစ်မနေ ၀ယ်ဖတ်ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် စာရေးသူတစ်ယောက် အနေနဲ့ကတော့ စာက မဖတ်မဖြစ် ဖတ်နေရမှာပါ။ အတွေ့အကြုံ ဗဟုသုတ အကြားအမြင်ကလည်း ရှိနေရပါမယ်။ ကိုယ့်အတွက် စာကုန်ကြမ်းတွေရှိမှလည်း စာကောင်းကောင်းရေးနိုင်မှာပါ။ စာဖတ်သူအတွက်လည်း အကျိုးရှိတဲ့ Message တွေ ပေးနိုင်မှာပါ။ နောက်ပြီး စာရေးကောင်းတဲ့သူတွေဟာ ပါရမီနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ ပါရမီရှိတဲ့သူရေးတဲ့ စာတွေဟာ သွက်လက် ထက်မြက်နေပါတယ်။ နောက်ပြီးတော့ ကိုဘအေးအမြင်ကို ဖြည့်စွက်ပြောရရင် အနားကနေ ရေပူရေချမ်း ကမ်းလှမ်းနေမယ့် ပါရမီဖြည့်ဖက် ရှိရင်တော့ ပိုကောင်းတာပေါ့နော်။ ရှိရင်ပြောတာပါ။ အီကြာကွေးတို့လို လူပျိုကြီးစာရေးဆရာတွေလည်း ရှိတာပဲနော်။ ပါရမီဖြည့်ဖက်က မဒမ်ဘအေးလိုတော့ တကျီကျီလုပ်မနေနဲ့ ဦး။ ပြောသာပြောတာ မဒမ်ဘအေးရဲ့ Pressure ကြောင့်သာ ဒီစာထရေးဖြစ်တာပါ။ ဒါကြောင့်လည်း               ” ကိုမားယော” ကျေးဇူးတင်ပါတယ် မဒမ်ဘအေးရယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *