DC Comics Superhero ဇာတ်ကောင်တွေရဲ့ Live Action ရုပ်ရှင်တွေထဲမှာ Superman နှင့် Batman ဇာတ်ကားတွေပဲ ဝင်ငွေအများဆုံးရရှိထားပြီး The Flash နှင့် Green Lantern တို့လိုဇာတ်ကောင်တွေ အနေနှင့် အထူးအောင်မြင်ထားတဲ့ ရုပ်ရှင်တွေမရှိသေးသလို Marvel Comics Heroesတွေလောက် Live Action ရုပ်ရှင်တွေ အများကြီးမထွက်ထားပေမည့် Animation ရုပ်ရှင်တွေဘက်ကို ကြည့်မယ်ဆိုရင်တော့ လူငယ်ပရိသတ်ကော လူကြီးပရိသတ်ပါ နှစ်သက်တဲ့ ရုပ်ရှင်ပေါင်းများစွာ ထွက်ထားတာကို တွေ့ရမှာပါ။ 2007 ခုနှစ်က Superman: Doomsday နှင့် Justice League: The New Frontier Animation ရုပ်ရှင်တွေနှင့် စတင်ခဲ့တဲ့ DC Universe Animated Original Movies စီးရီးဟာ Batman: Under the Red Hood နှင့် Batman: The Dark Knight Returns တို့လို ဇာတ်အိမ်ခိုင်မာပြီး ရင့်ကျက်တဲ့ ဇာတ်လမ်းတွေ ပါဝင်တဲ့အတွက်ကြောင့် လူကြီးပရိသတ်များရဲ့ အားပေးမှုကို အဓိကရရှိခဲ့ပါတယ်။ ခုအသစ်ထွက်ရှိလာတဲ့ Justice League: The Flashpoint Paradox Animation ရုပ်ရှင်ကတော့ ထွက်ထားသမျှ DC Animation ဇာတ်လမ်းတွေကော အခြား Superhero ဇာတ်လမ်းတွေနှင့်ပါ ယှဉ်ကြည့်ရင်တော့ စိတ်ဝင်စားဖို့အကောင်းဆုံး၊ အကြမ်းတမ်းဆုံးနှင် သွေးထွက် သံယိုမှု အများဆုံး ရုပ်ရှင်တစ်ခုဖြစ်တာကို တွေ့ရမှာပါ။
Justice League: The Flashpoint Paradox ဇာတ်လမ်းကို လှုပ်ရှားမှုနှင့် ပြေးနှုန်းအမြန်ဆုံး လူစွမ်းကောင်းဖြစ်တဲ့ The Flash ရဲ့ရှုထောင့်မှ မြင်တွေ့ရမှာဖြစ်ပါတယ်။ The Flash ဟာ လက်ရှိကမ္ဘာမှ အဖြစ်အပျက်များနှင့် မတူညီတဲ့ အခြား alternate reality တစ်ခုသို့ ရောက်ရှိသွားပြီး၊ အဆိုပါ alternate timeline သို့ မည်သည့်အတွက်ကြောင့် ရောက်ရှိလာပုံ၊ The Flash အနေနှင့် အရာအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်အောင် မည်သို့ဆောင်ရွက် ရမည်ကို ရှာဖွေပုံတို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ Barry Allen (The Flash) သူ၏မွေးရပ်မြေ Central City ရှိ Flash Museum အတွင်း ဝင်ရောက်ဖျက်ဆီးနေသူ ရန်သူတော် super villain များဖြစ်တဲ့ Heat Wave, Mirror Master နှင့် The Top အပါအဝင်အခြား ရန်သူများကို ဖမ်းဆီးပြီး နောက်မှာ မိမိကဲ့သို့ အစွမ်းများပိုင်ဆိုင်ထားသလို အချိန်သရီးသွားနိုင်တဲ့ Professor Zoom ကို Justice League အဖွဲ့သားများရဲ့ အကူအညီနှင့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာတော့ The Flash မှာ သူနေထိုင်ရာ လောကနှင့် အဖြစ်အပျက်များ ကွဲပြားနေတဲ့ alternate reality တစ်ခုကို ရောက်ရှိသွားပြီး မိမိ အစွမ်းများပါ ပျောက်ကွယ်သွားကြောင်း သိရှိလိုက်ရရှိပြီး မိမိရဲ့ မူရင်းကမ္ဘာကို ပြန်ရောက်နိုင်အောင် ကြိုးစားရပုံ မြင်တွေ့ရမှာပါ။ The Flash ရောက်ရှိနေတဲ့ ကမ္ဘာသစ်ဟာ Aquaman ရဲ့ Atlantis ရေအောက်မြို့မှ တပ်သားများနှင့် Wonder Woman ရဲ့ Amazons အမျိုးသမီး စွမ်းအားရှင်တပ်ဖွဲ့များ စစ်ဖြစ်နေကြောင်း သိရှိရပြီးမှာတော့ The Flash ဟာ Batman ထံမှ အကူအညီဖြင့် မိမိ၏ စွမ်းရည်များ ပြန်လည် ရရှိအောင် ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
Justice League: The Flashpoint Paradox ရဲ့ဇာတ်လမ်းဟာ မတူညီတဲ့ alternate reality မှာ နေရာယူထားတဲ့အတွက်ကြောင့် The Flash ကလွဲလို့ အခြား Superhero တွေရဲ့ ဇစ်မြစ် (Origins) တွေပါ ကွဲပြားနေမှာ ဖြစ်သလို Batman ကိုအမြဲတမ်း သေနတ် လက်ကမချဘဲ ရန်သူများကို အပျောက်ရှင်းမည့် superhero တစ်ယောက်အဖြစ် မြင်ရမှာဖြစ်သလို ဇာတ်ကောင်ပေါင်း များစွာနှင့်တွဲဖက်ထားတဲ့ Aquaman နှင့် Wonder Woman တို့ကြားက ပြင်းထန်တဲ့ တိုက်ပွဲများ ကိုလည်း မြင်တွေ့ရမှာပါ။ ဇာတ်ကောင်ဒီဇိုင်းပိုင်းကတော့ Anime ဆန်တဲ့ ဇာတ်ကောင်အချို့နှင့် Young Justice ဇာတ်လမ်းတွဲ Animation စတိုင်မျိုးမြင်တွေ့ရမှာပါ။ Animation quality ပိုင်းအနေနှင့်ကြည့်ရင် The Flash နှင့် Death Stroke တို့လို ဇာတ်ကောင်တွေ ရဲ့ လျှင်မြန်တဲ့ လှုပ်ရှားမှုတွေကို အသေးစိပ်ရေးဆွဲ ထားနိုင်တာ တွေ့ရပြီး အနီးကပ် တိုက်ခိုက် မှုစီစဉ်မှုပိုင်း (Fight Choreography)တွေကိုလည်း အထူးကြည့်ကောင်းအောင် Animation အရည် အသွေး ကောင်းကောင်းနှင့် ရေးဆွဲ ထားနိုင်တာ တွေ့ရမှာပါ။ အရင် Superhero ဇာတ်လမ်းတွေထဲကလို နောက်ဆုံးမှာ လူစွမ်းကောင်းတွေပဲ အနိုင် ရမှာ သေချာနေတဲ့ ဇာတ်လမ်းမဟုတ်ဘဲ ရုပ်ရှင်တစ်လျှောက် နာမည်ကြီး super hero နှင့် villain တွေ ဘယ်သူကသေပြီး ဘယ်သူက ရှင်မည်ဆိုတာကို စိတ်ဝင်တစား ကြည့်ရှူရမှာဖြစ်သလို ကြိုတင်မှန်းဆရခက်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေလည်းပါဝင်တဲ့ Justice League: The Flashpoint Paradox ဟာ Comic Book ပရိသတ်အားလုံး သေချာပေါက် သဘောကျမည့် Animation ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ်။