Opinion

နည်းပညာ တိုးတက်ခြင်းသည် ကောင်းကျိုးလော ဆိုးကျိုးလော

internet using people

မြန်မာနိုင်ငံတွင် နည်းပညာ တိုးတက်မှုနှင့်အတူ ကောင်းကျိုးဆိုးကျိုးများလည်း ဒွန်တွဲပါ၀င်လာပါသည်။ မိုဘိုင်းဖုန်းများ လူတန်းစေ့ အဆင်ပြေ လွယ်ကူစွာ ပြောဆိုနိုင်ရန်အတွက် နိုင်ငံတော်မှာ အရစ်ကျ စနစ်များဖြင့် လည်းကောင်း၊ ရပ်ကွက်အလိုက် ကျေးရွာအလိုက် မြို့အလိုက် နယ်အလိုက် လူတန်းစေ့ အသုံးပြုနိုင်ရန် စီစဉ်ပေးလာသည်ကို တွေ့ရှိရပါသည်။ ၀ယ်ယူသုံးစွဲနိုင်သော လူများကလည်း တစ်အိမ်တစ်လုံးကျ ဆိုတာထက် အိမ်ရှိ လူကုန် ဖုန်းကိုယ်စီဖြင့် လူကြီးမှအစ ကလေးအဆုံး အသုံးပြုလာကြပါသည်။ ဒါတောင်မှ အိမ်မှာ မွေးထားသော တိရစ္ဆာန်၊ ခွေး၊ ကြောင်များသည်လည်း စကားပြောတတ်လျှင် ၀ယ်ပေးထားဦးမည် ထင်ပါသည်။ မိုဘိုင်းဖုန်း မရှိစဉ်က ကြိုးဖုန်းများကို ငွေကြေးတတ်နိုင်သူများသာ ကြိုးဖုန်း၊ လိုင်းဖုန်းများ သုံးစွဲတပ်ဆင် အသုံးပြုကြသည်။ ငွေကြေးမတတ်နိုင်သော လူတန်းစားများအတွက် ယခုအခါ ရပ်ကွက်များမှ ၁၅၀၀ တန်ဖိုးရှိ ဖုန်းများကို မဲပေးစနစ်ဖြင့် ပြုလုပ်ပေးလာသည့်အတွက် အလွန်တရာမှ ၀မ်းသာပီတိ ဖြစ်မိပါသည်။

သို့သော်လည်း ခြစားလာသည့် လာဘ်စားမှုများသည်လည်း အငွေွ့အသက်အဖြစ် အနည်းငယ် ကျန်ရှိနေသည်မှာ အလွန်ပဲ ၀မ်းနည်းစရာ ကောင်းလှပါသည်။ ပြုပြင်ပြောင်းလဲမှုများ လုပ်နေသော နိုင်ငံတော်ကြီးအတွက် တစ်ဖက်တစ်လမ်းမှ ပါ၀င်ကူညီ အားဖြည့်ပေးဖို့ လူတိုင်း၊ နေရာတိုင်းတွင် လိုအပ်နေ ပါသေးသည်။ ရိုးတွင်းချဉ်ဆီ စွဲကျန်နေသည့် ဖြတ်စားလဒ်စား စနစ်ဆိုးကြီးသည်လည်း ပပျောက်သင့်ပြီလို့ ထင်မြင်မိပါသည်။ နိုင်ငံတော်၏ အလှည့်ကျ စနစ်ဖြင့် ရပ်ကွက်တိုင်းတွင် မဲပေးစနစ်ဖြင့် ဖုန်းများ ချပေးမည် ဆိုသည့်အခါ အများပြည်သူများ ပြောမပြတတ်အောင် ၀မ်းသာကြပါသည်။ သို့သော် ရပ်ကွက်တိုင်းတွင် မည်သို့ မဲပေးစနစ် ကျင့်သုံးသည်ဆိုသည်ကို မသိရှိနိုင်ပေမယ့် အင်းစိန်မြို့နယ်ရှိ ပိန္နဲကုန်း ရပ်ကွက်အတွင်း၏ မဲပေးစနစ်သည် အလွန် အံ့သြဖွယ်ရာပင် ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ရပ်ကွက်အတွင်း အိမ်ခြေထောင်ကျော်ရှိရာတွင် အသုတ်လိုက် မဲပေးစနစ် ကျင့်သုံးသည်မှာ မှန်ကန်သော်လည်း နိုင်ငံတော်မှ အများပြည်သူများ ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် ၁၅၀၀ တန်ဖုန်း အလုံး ခုနှစ်ဆယ်ကို တတိယအသုတ်တွင် ချပေးခဲ့သော်လည်း မဲနှိုက်စနစ်ဖြင့် ဖုန်းအလုံး ခြောက်ဆယ်သာ မဲနှိုက်ပေးခဲ့ပြီး ကျန်ရှိ အလုံးရေ ၁၀ လုံးမှာ ရပ်ကွက်လူကြီးများမှ ေ၀ခြမ်းယူပါသည်။ အသုတ်တိုင်း လူကြီးများမှ ေ၀ခြမ်းယူနေလျှင် အများပြည်သူများလက်ထဲသို့ မည်သည့်အချိန်တွင် ဖုန်းများရရှိကြပါမည်ကိုလည်း သိချင်လှပါသည်။

အများပြည်သူအတွက် မဲပေးစနစ်ဖြင့် ရွေးချယ်လျှင် လူတန်းစား အလွှာမခွဲခြားပဲ တန်းတူညီတူ မဲနှိုက် စနစ်ဖြင့်သာ ရွေးချယ်သင့်ပါသည်။ နိုင်ငံတော်မှ စီစဉ်ပေးသောသူများမှလည်း ဖုန်းများကို ရပ်ကွက်အလိုက် ချပေးပြီး ပြန်လည် စီစစ်သင့်ပါသည်။ နောက်ပြီး ဘယ်လူကြီး ဖုန်းကို ဘယ်နှစ်လုံးခါးမှာ ချိတ်ဖို့ ရသွားသလဲဆိုတာလည်း သိစေချင်ပါသည်။ နိုင်ငံတော်၏ စေတနာကိုလည်း တန်းတူညီမျှ ပြုလုပ်ဆောင်ရွက် ပေးစေချင်ပါသည်။ နောက်တစ်ချက် ပထမအကြိမ် မဲပေါက်ပြီးသော အိမ်ထောင်စုမှ ဒုတိယအကြိမ် ထပ်မံ ပေါက်သည့်အခါ အိမ်တန်းစေ့ ဖုန်းလက်၀ယ် ရရှိနိုင်မည် မဟုတ်ပေ။ ဒါကြောင့် အိမ်တိုင်းမှ လူအများအတွက် ဖုန်းသုံးစွဲနိုင််စေရန် အများပြည်သူများ ကိုယ်စား စီစဉ်ဆောင်ရွက်ပေးပါရန် ငဲ့ညှာသော အားဖြင့် သိထားသမျှကို ပြန်လည် ပြောပြရခြင်းပင် ဖြစ်ပါသည်။

ခေတ်ကာလ ရွေ့လျားလာသည်နှင့်အမျှ ခြင်းဖုန်းများ၊ မိုဘိုင်းဖုန်းများ၊ iPhoneများ၊ iPadများ နည်းပညာမျိုးစုံဖြင့် ထွက်ရှိလာကြသလို လူတိုင်း နေရာတိုင်း အသုံးပြုလာကြသည့်အခါ ကျွန်မ မြင်မိသည်မှာ လူအချင်းချင်း ချစ်ခင်ရင်းနှီး နွေးထွေးမှုများလည်း တဖြည်းဖြည်း ဆုတ်ယုတ်ပြောင်းလဲလာသည်ကို တွေ့ရှိရပါသည်။ အများအားဖြင့် အိမ်မှာနေလည်း ဖုန်းမရှိခဲ့စဉ်က မိသားစုအလိုက် ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော အနားယူသည့်အခါ ၀ိုင်းဖွဲ့ စကားပြောလေ့ရှိပါသည်။ ယခုအခါတော့ နည်းပညာ ဖွံ့ဖြိုးမှု၏ အနှစ်သာရကို ခံစားနေမိပါသည်။ မိသားစု၀ိုင်းဖွဲ့ စကားပြောချိန်ထက် ကွန်ပျူတာ အသုံးပြုချိန်၊ ဖုန်းနှင့် ဂိမ်းကစားချိန် ပြီးနောက် ဖုန်းနှင့် အင်တာနက်အသုံးပြုချိန်များ ပိုမို အသုံးပြုလာခြင်းကြောင့် မိသားစုနှင့် ရင်းနှီး နွေးထွေးချိန် လျော့နည်းလာခြင်း ဖြစ်ပါသည်။

ယခုအခါ ပြောင်းလဲလာသော နည်းပညာတိုးတက်မှု အရှိန်အဝါ၏ ကြောက်ခမန်းလိလိ အခြေအနေများကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါသည်။ လမ်းသွားတဲ့အခါ မိုဘိုင်းဖုန်းများ အသုံးပြုခြင်း ကြောင့် ယာဉ်အန္တရာယ်ကို မမြင်နိုင်ကြသလို ခင်မင်သူ အချင်းချင်း လမ်းတွေ့ရင်တောင် ဖုန်းသုံးနေတဲ့ အတွက် အချင်းချင်း နှုတ်ခွန်းဆက် စကားများတောင် ပြန်လည် မပြောနိုင်ကြတော့ပေ။ ဟိုယခင် အချိန်တုန်းက အင်တာနက်ပေါ်ကာစတွင် လူငယ်လူရွယ်များ Chattingတွင် စီးမျောနေကြပေသည်။

ယခုအခါမှာတော့ ၀က်ဘ်ဆိုက်များတွင် အများအားဖြင့် Facebook အသုံးပြုလာကြသည်မှာ လူငယ်များ အတွက် စွဲလန်းမှုတစ်ခုပမာ ဖြစ်နေပါတော့သည်။ Facebookလို လူမှုကွန်ရက်တွေမှာ လူအများ စီးမျောနေကြသည်မှာ ရေရှည်တွင် အန္တရာယ်ရှိလာနိုင်သည်လား။ ခေတ်မီသူတိုင်း Facebook သုံးသည်လို့ ပြောနေကြသည့် ခေတ်ကြီးသို့ ဆိုက်ရောက်လာပါသည်။ ဟိုလူ ဘာသုံးလည်း မေးလည်း Facebook၊ ဒီလူဘာသုံးလည်း မေးလည်း Facebookသည်သာ အသုံး တွယ်ကျယ်လာသည်ကို တွေ့ရှိနေရပါသည်။ Social Networkများစွာ ရှိသည့်အနက် Facebook တစ်ခုတည်းသာ စွဲစွဲမြဲမြဲ သုံးနေကြသည်။ Facebook စာမျက်နှာသည် အကောင်းအဆိုး၊ အကြောင်းအကျိုး ပြောစရာ နေရာ ဖြစ်လာပါသည်။

ဒီ Facebookထဲတွင် အကောင်းအဆိုး ဒွန်တွဲနေသည့်အတိုင်း ဟုတ်တာရော မဟုတ်တာကိုပါ တင်နေကြသည်ကို လူအများက ချင့်ချိန် ယုံကြည်သင့်ပေသည်။ တစ်နေ့ထက် တစ်နေ့ Facebookမှာတင် အချိန်တွေ ကုန်လာကြပါသည်။ တစ်ဦးနှင့် တစ်ဦး လွတ်လွတ်လပ်လပ် ပြောဆို ရေးသားနေကြတာ အားလုံးအတွက် တကယ်ရော အကျိုးရှိကြရဲ့လား။ လွတ်လွတ်လပ်လပ် ပြောဆိုကြတဲ့နေရာမှာ အကျိုးရှိအောင် ပြောဆိုတာတွေ၊ အကျိုးမဲ့အောင် ဒါမှမဟုတ် သူတစ်ပါးကို ပုတ်ခတ်ပြောဆိုမှုတွေ ရေးသားလာကြတာ အနည်းနှင့်အများ ဟုတ်သည်ရော မဟုတ်သည်ရော စုံတစ်ကာစေ့ ရေးသားချက်များကြောင့် တစ်ဖက်သူကို ထိခိုက်နစ်နာစေခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေခြင်း၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေခြင်း စတဲ့ လှုံ့ဆော်မှုများကိုလည်း ဖြစ်ပေါ်စေပါသည်။ မိသားစု အများစုသည် အပြင်မှာ ရင်းနှီးနွေးထွေးမှုထက် ကွန်ပျူတာ၊ အင်တာနက်ရှေ့တွင်သာ အချိန်ကုန်လာကြပါသည်။

ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုမှု များလာခြင်းသည်လည်း ကျန်းမာရေးကို ထိခိုက်စေပါသည်။ အကြားအာရုံများ ထိခိုက်မှုဖြစ်စေခြင်းအပြင် အမြင်အာရုံကြောပါ ထိခိုက်မှု ဖြစ်ပေါ်လာပါသည်။ ဒီနေရာမှာ ပြောစရာရှိလာတာက ကျွန်မတို့ ဘလောဂ့် စတင်ဖန်တီးခဲ့စဉ်က ဘယ်နေရာမှာဘဲ ရေးရေး ကိုယ်ရေးသောစာ ကိုယ်ပြောသော အကြောင်းအရာအတွက် ကိုယ်တိုင် တာ၀န်ယူနိုင်ရမည်လို့ သိထားခဲ့ပါသည်။ ယခုအခါ အွန်လိုင်း ကွန်ရက်ကြီးသည် မည်သူတွေက မည်သည့်နေရာမှ မည်သို့သော အကြောင်းအရာများကို တင်ပြ ရေးသားနေကြသနည်း၊ ဒီလိုဖြစ်စဉ်များကို မည်သူက တာ၀န်ယူပါမည်နည်းလို့ မေးစရာ မေးခွန်းများ ထွက်ပေါ်လာပါသည်။ ကျွန်မတို့ နိုင်ငံရဲ့ လူဦးရေ အများစုထဲမှ လူနည်းစုသာ အင်တာနက်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုခွင့် ရကြပါသေးသည်။ အဲဒီ အနည်းငယ်လေးထဲကမှ အင်တာနက်ပေါ်က သတင်းအချက်အလက်များကို နည်းပညာ အသုံးပြုသူ ဘယ်လောက် ရာခိုင်နှုန်းက အကျိုးရှိစွာ အသုံးချနေ ကြပြီး ဘယ်နှစ်ရာခိုင်နှုန်းက ဖွဖို့အသုံးပြုနေကြမည် ထင်ပါသနည်း။

ယခုအခါ သတင်းရဲ့ လျင်မြန်သော အဟုန်ဖြင့် မှန်ကန်သော အကြောင်းအရာများသာ မြို့ရွာအလိုက် အတင်းထက် သတင်းပေးခဲ့လျှင် ကျွန်မတို့ နိုင်ငံသည်လည်း ပြောင်းလဲမှု အရှိန်အဟုန်များစွာဖြင့် ခေတ်မီ တိုးတက်သော နည်းပညာများနှင့် နိုင်ငံတကာမှာ သူများထက် နောက်မကျဘဲ အမှန်တကယ် ပြောင်းလဲလာမည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြတော့မည် ဖြစ်ပေသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *