ကျပ် ၁၅၀၀တန် ဆင်းမ်ကတ်များ ချပေးချိန်မှစ၍ အင်တာနက်ဆိုင်များတွင် သုံးသူဦးရေ လျော့ကျလာကြောင်း ရန်ကုန်ရှိ အင်တာနက်ဆိုင်အချို့မှ သိရသည်ဟု ရန်ကုန်တိုင်းမ်နေ့စဉ်တွင် ဖော်ပြထားသည်။ “ဖုန်းတွေ တစ်လပြီး တစ်လ ချပေးတိုင်း ဆိုင်မှာ သုံးတဲ့လူ တစ်လထက် တစ်လ လျော့လာတယ်။ ဆိုင်မှာ သုံးတဲ့လူငယ် အများစုကလည်း Gtalkနဲ့ Facebookပဲ သုံးတာဆိုတော့ အဲဒါက မိုဘိုင်းနဲ့လည်း သုံးလို့ ရနေတယ်။ အွန်လိုင်း ဂိမ်းဆော့တဲ့လူတွေနဲ့ ဖိုင်ရှဲဆိုက်တွေ သုံးတဲ့လူတွေလောက်ပဲ ကျန်တော့တယ်”ဟု တာမွေဈေးရှိ Light အင်တာနက်ဆိုင် ဝန်ထမ်းတစ်ဦးက ပြောသည်ဟု ဆိုသည်။
တောင်ဥက္ကလာပမြို့နယ်မှ ဒုတိယနှစ် ကျောင်းသူ မခိုင်ခိုင်စိုးက ပြောကြားရာတွင် “အရင်ကတော့ Facebook သုံးဖို့ အင်တာနက်ဆိုင် နေ့တိုင်း သွားတယ်။ အခု CDMA မဲပေါက်ပြီးကတည်းက အဲဒါနဲ့ပဲ သုံးတော့တယ်။ ပိုက်ဆံအကုန်လည်း သက်သာပြီး အချိန်မရွေး သုံးလို့ရတယ်။ လိုင်းက သိပ်မကောင်းပေမယ့် Facebookတော့ သုံးလို့ ရပါတယ်”ဟု သိရသည်။ ဗဟန်းမြို့နယ်အတွင်းရှိ အင်တာနက်ဆိုင်ရှင် တစ်ဦးကလည်း “လူလျော့တော့ Wifi ပြန်လွှင့် မရောင်းရဘူး ဆိုပေမယ့် ရောင်းနေရတယ်။ အိမ်ကနေ လိုင်းကောင်းသုံးချင်တဲ့သူ ဝယ်ပါတယ်။ တစ်လသုံးသောင်းဆိုတော့ သူတို့လည်း အဆင်ပြေတယ်။ နောက်ပြီး ဖုန်းခေါ်တာကလည်း အဓိက ဝင်ငွေ ရတယ်”ဟု ပြောသည်။
မိုဘိုင်းအင်တာနက် အသုံးပြုမှုများလာခြင်းကြောင့် အင်တာနက်ဆိုင်များ လူဝင်နည်းလာသော်လည်း နိုင်ငံခြားရောက်နေသူများနှင့် ဆက်သွယ်ရေး အပါအဝင် ကုန်ကျစရိတ် သက်သာမှုနှင့် အချိန်မရွေး ဆက်သွယ်နိုင်မှုတို့ကြောင့် ပို၍ အဆင်ပြေကြောင်း မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်ဟု ဆိုသည်။ လက်ရှိအချိန်အထိ ပြည်တွင်းမှ အင်တာနက်သုံးသူ စုစုပေါင်း ၁၁သိန်းခန့် ရှိသည့်အနက် မိုဘိုင်းအင်တာနက်သုံးသူတို့က ကိုးသိန်းခန့်ရှိပြီး အခြားအင်တာနက်လိုင်း သုံးသူများက နှစ်သိန်းကျော်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ခဲ့သည်ဟု သိရပါသည်။