News, Travel

အင်းလေးဟိုတယ်ဇုန်တွင် အဆင့်မြင့်စက်လှေဆိပ် ဆောက်မည်

အင်းလေးဒေသအတွင်း စက်လှေအစင်း ၇၀၀ ရပ်နားနိုင်သော အဆင့်မြင့် စက်လှေဆိပ်တစ်ခုကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှသိရသည်။

အဆိုပါ ဆိပ်ကမ်းကို အင်းလေးကန် အနောက်ဘက်ခြမ်း အင်းလေးဟိုတယ်ဇုန် အတွင်းထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်း၌ ရင်နှီးမြုပ်နှံလိုသော ပုဂ္ဂလိက လုပ်ငန်းရှင် များအား BOT တင်ဒါ စနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးအောင်ကျော်ညွှန့်က “ဒီစက်လှေ ဆိပ်ကမ်းတည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ နေရာကဖေါင်တော်ဦးဘုရားကို ၁၅ မိနစ်လောက်နဲ့ အရောက်သွားတဲ့နေရာ ဖြစ်တယ်။ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်၀င်စားတဲ့ဒေသလည်း ဖြစ်တဲ့အတွက် ဒီဆိပ်ကမ်းကို တင်ဒါတင်ပြလာတဲ့ အပေါ်မှာ မူတည်ပြီး အဆင့်မြှင့်နိုင်ရင် မြှင့်နိုင်သလောက် တည်ဆောက်သွားဖို့ရည်ရွယ် ထားပါတယ်”ဟုဆိုသည်။

ယင်းဆိပ်ကမ်းကို ရေထုလမ်းကြောင်း အကျယ်ပေ ၁၀၀၊ အရှည်ပေ ၁၇၀၀ရှိပြီး ဟိုတယ်ဇုန်မှ ဟိုတယ်တစ်လုံး လျှင်စက်လှေ ခုနှစ်စင်းနှုန်းဖြင့် ဟိုတယ်အလုံး ၁၀၀အတွက် စက်လှေအစင်း ၇၀၀ရပ်နားနိုင်ရန် တည်ဆောက်သွားမည် ဖြစ်သည်။ ဦးအောင်ကျော်ညွန်က”ကမ္ဘာ လှည့်ခရီးသွားတွေ စိတ်၀င်စားတဲ့ နေရာ တစ်ခု ဖြစ်တဲ့အတွက် အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့နားနေဆောင်တွေပါ ထည့်သွင်းပြီး အကောင်းဆုံးဖြစ်အောင် တည်ဆောက်ဖို့ စီစဉ်ထားပါတယ် “ ဟုဆိုသည်။

ကားပါကင် နေရာတွင် Express ကား၄၅စီး ရပ်နားနိုင်သည့် နေရာတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် နို၀င်ဘာ ၈ ရက် နောက်ဆုံးထား၍ အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ၊ ရှမ်းပြည်နယ်သို့တင်ဒါသွင်းရမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ရှိ ရွှေဟင်္သာ ဟိုတယ်ပိုင်ရှင်ဒေါ်တင်တင်ရီ က “အခုလိုဘုတ်ဆိပ်ကို သီးသန့်လုပ်ပေးမည် ဆိုရင်တော့ ကမ္ဘာ့လှည့် ခရီးသွားတွေအတွက် အဆင်ပြေတာပေါ့။ အခုကသီးနှံရောင်းတဲ့ လှေတွေနဲ့ ခရီးသွားရတယ်။ ဘုတ်ဆိပ်က ကျဉ်းနေပြီး အသီးလှေတွေကပ်နေတော့ အဆင်မပြေဘူး” ဟုဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *