News

တော်ဝင်နှင်းဆီက ပွဲတွေလုပ်မယ်ဆိုရင် ရက် ၂၀ကြိုပြီး အကြောင်းကြားရမည်

www.myanmarij.com

တော်ဝင်နှင်းဆီတွင် ပွဲများပြုလုပ်ပါက ရက်ပေါင်း ၂၀ရက် ကြိုတင် အကြောင်းကြားရမည် ဆိုသော်လည်း တရားဝင်စာ ထုတ်ပြန်ခြင်း မရှိပါက ယခင်အတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ ပိုင်ရှင် ဦးစိုးညွန့်က ပြောကြားသည်ဟု သိရသည်။

“အနောက်ပိုင်းခရိုင်မှာ ဆိုင်တွေ အများကြီးရှိတဲ့အထဲက ကျွန်တော့်တစ်ယောက်ထဲကို ခေါ်ပြောတယ်။ ဒါပုဂ္ဂိုလ်ရေးအရ လုပ်တယ်လို့ပဲ ကျွန်တော်ထင်တယ်။ တရားဝင်စာ ထုတ်ပါဆိုလည်း မထုတ်ဘူး။ ဒါကြောင့် တရားဝင်စာ မထုတ်ရင် ကျွန်တော်က ဆက်လုပ်သွားမှာပဲ”ဟု ၎င်းက ဆိုသည်။

ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်ရပ်ကွက် အုပ်ချုပ်ရေးမှုးမြို့နယ် အုပ်ချုပ်ရေးမှုးနှင့် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှုးတို့က ဇူလိုင်လ ၃၀ရက်တွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်အား ခေါ်ယူ၍ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပွဲများ ပြုလုပ်ရန် ငှားရမ်းပါက ရက်ပေါင်း ၂၀ကြိုတင် အကြောင်းကြားရမည်ဟု သတိပေးခဲ့ကြောင်း သိရသည်။

ယင်းတော်ဝင်နှင်းဆီ စားသောက်ဆိုင်သည် နိုင်ငံရေးပွဲများ၊ ဒီမိုကရေစီအရေးနှင့် ပတ်သက်သော ပွဲများ ကျင်းပရာနေရာဖြစ်ပြီး၊ ယခုကဲ့သို့ အာဏာပိုင်များက ပြုလုပ်ခြင်းသည် ဒီမိုကရေစီ စနစ်နှင့် ကွာဟနေကြောင်း ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများက ပြောကြသည်။

ရှေ့နေများ ကွန်ရက်မှ ဦးကြီးမြင့်က “သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်းတို့က တို့နိုင်ငံက လူထုအခြေပြုတဲ့ နိုင်ငံရေးစနစ်ကို သွားနေပြီ။ ဒါကြောင့် အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေအနေနဲ့ ခေတ်နောက်မကျန်ခဲ့စေနဲ့လို့ ပြောတာရှိတယ်။ သူတို့စကားနဲ့ပြောရရင် ဦးစိုးညွန့်ကို ခေါ်ပြောတဲ့ အုပ်ချုပ်ရေးမှုးတွေက ခေတ်ဟောင်းမှာ ကျန်ခဲ့ပြီး ခေတ်နောက်ကျနေပြီ။ ဦးစိုးညွန့်က လူထုကို အခြေပြုတဲ့ နိုင်ငံရေးကို သွားနေတာလေ။ ဒါကြောင့် အာဏာပိုင်တွေ အနေနဲ့ အတွေးအခေါ်ဟောင်းတွေကိုခွဲပြီး မလုပ်သင့်တော့ဘူး”ဟု ဆိုသည်။

ဦးစိုးညွန့်က “ဒီမိုကရေစီ စနစ်ဖြစ်လား၊ မဖြစ်လားဆိုတာ ဒီကိစ္စကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါက လုပ်ငန်းသဘောအရလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်က ဆိုင်ခန်းငှားတာ၊ အစားအသောက် ရောင်းတာလေ။ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် လုပ်တဲ့သူတွေကို ခေါ်အရေးယူပေါ့။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”ဟု ပြောပါသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညိုထွန်းက ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကြီး တစ်ခုပဲ။ ဦးစိုးညွန့်က အခကြေးငွေယူပြီး စီးပွားရေး လုပ်နေတာလေ။ လုပ်ပိုင်ခွင့်ကို တားတာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ နောက်တစ်ခု စဉ်းစားစရာက အစိုးရ အထက်ပိုင်းက ပြည်သူတွေ ကောင်းကျိုးအတွက် လုပ်ဆောင်ရမယ်ပြောပြီး အောက်ပိုင်းမှာ အရင်အတိုင်း ရှိနေတယ်။ အထက်ပိုင်းနဲ့ အောက်ပိုင်းမှာ သဟဇာတ ဖြစ်မှုမရှိဘူးလားလို့ မေးစရာ ဖြစ်နေပြီ”ဟု ပြောကြားသည်။

ယခုလ ၃ရက်နေ့က ပြုလုပ်ခဲ့သည့် “၂၀၁၅ရွေးကောက်ပွဲနှင့် ရခိုင်နိုင်ငံရေး အနာဂတ်”ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များမှ ခန်းမငှားရမ်းခွင့် မပြုရန်နှင့် ကျင်းပခွင့် မပေးနိုင်ရန် သတိပေး ပြောဆိုခဲ့ကြောင်း သိရပါသည်။

ယခုအခါတွင် စီတန်းလှည့်လည်ခြင်းကိုပင် ဥပဒေအရ ခွင့်ပြုထားသည်ဖြစ်ရာ အခမ်းအနား ကျင်းပခွင့်အတွက် ခန်းမငှားရမ်းခြင်းကို ရက်ပေါင်း ၂၀ကြိုတင် အကြောင်းကြားရမည်ဟု ဆိုခြင်းမှာ လျော်ကန်မှု မရှိဟု ပြောရမည်လား။ ဥပဒေရှိသလားဟုလည်း မပြောတတ်တော့ပါ။ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ထိခိုက်မှု ရှိလျှင်တော့ တစ်မျိုးပေါ့။ အခမ်းအနားတစ်ခုကို ခန်းမအားလပ်သည့် အပေါ်တွင် မူတည်၍ ပြုလုပ်ရသည်ဖြစ်သဖြင့် ခန်းမအား ကြိုတင်ငှားရမ်းရသည်ဟူ၍သာ ကြားဖူးပါသည်။

ခန်းမအားလျှင်အားသလို အရေးပေါ် ပြုလုပ်ရသည့် အခါလည်း ရှိပါမည်။ ယခုကဲ့သို့ ခန်းမပိုင်ရှင်က သက်ဆိုင်ရာသို့ ရက်ပေါင်း ၂၀ ကြိုတင်အကြောင်းကြားရမည်ဟူ၍တော့ မကြားဖူးပါ။ အော်….တော်ဝင်နှင်းဆီကလည်း နိုင်ငံရေးပွဲတွေ၊ ဒီမိုကရေစီအရေးပွဲတွေ လက်ခံကျင်းပနေတာဆိုတော့လည်း………..။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *