News

HYUNDAI ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါ၀င်သော S3 စင်တာ စတင်ဖွင့်လှစ်

တောင်ကိုရီးယားအခြေစိုက် Hyundai ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါ၀င်သော S3 စင်တာကို သြဂုတ် ၃၁ ရက်တွင် အမှတ်-၃၇(ဗ)၊ အင်းစိန်လမ်း၊ မရမ်းကုန်းမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း Fortune International Limitedမှ သိရသည်။ ယခု ဖွင့်လှစ်သော Hyundaiကုမ္ပဏီ၏ S3 စင်တာသည် Hyundaiကုမ္ပဏီထုတ် ကားသစ်များကို ရောင်းချပေးမည့်အပြင် အဆိုပါ ကုမ္ပဏီထုတ် ကားများအတွက် ၀န်ဆောင်မှုပေးခြင်းနှင့် ယာဉ်အပိုပစ္စည်းများကိုပါ ရောင်းချပေးမည် ဖြစ်သည်။

“Hyundai ကုမ္ပဏီထုတ် ကားသစ်တွေကို မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ ရောင်းချပေးသွားမှာပါ။ အခုဖွင့်တဲ့ ကားအရောင်းပြခန်းမှာ Hyundai ကားကုမ္ပဏီထုတ် ကားများကို ရောင်းချတဲ့ အရောင်းပြခန်း၊ ၀န်ဆောင်မှုစင်တာနဲ့ ယာဉ်အပိုပစ္စည်းများ ပါ၀င်တဲ့ S3 စင်တာ ဖြစ်ပါတယ်။ အခြားမြို့ကြီးတွေမှာလည်း အရောင်းပြခန်းတွေ တိုးချဲ့ဖွင့်လှစ်သွားဖို့ အစီအစဉ် ရှိပါတယ်” ဟု Fortune Kolao International၏ အမှုဆောင် အရာရှိချုပ် ဦးမြဟန်က ပြောကြားသည်။

HYUNDAI သည် မြန်မာနိုင်ငံဆိုင်ရာ တရား၀င် အရောင်းကိုယ်စားလှယ်အဖြစ် KALAO Holding (Myanmar) နှင့် မြန်မာနိုင်ငံသားပိုင် Fortune International Limited တို့က အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မော်တော်ယာဉ် တင်ပို့ဖြန့်ဖြူးရောင်းချခြင်း၊ ကားအရောင်းပြခန်း၊ ယာဉ်အပိုပစ္စည်း အရောင်းဌာနနှင့် ပြုပြင်ထိန်းသိမ်းရေးဌာန ဖွင့်လှစ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။ Hyundai Motor Company မှ အကြီးအကဲဖြစ်သူ Mr.Kim Hoo Keun က “မြန်မာနိုင်ငံအတွင်း ကားကုမ္ပဏီတွေ အကြီးအကျယ် အပြိုင်အဆိုင် တိုးတက်နေပါတယ်။ မြန်မာကားဈေးကွက်မှာ ပါ၀င်ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ပြောကြားပါသည်။

ယခု ရန်ကုန်မြို့တွင် ဖွင့်လှစ်သော Hyundai ကုမ္ပဏီ၏ ကားအရောင်းစင်တာသည် အာရှ-ပစိဖိတ် ဒေသအတွင်း အကြီးဆုံးဖြစ်ပြီး စတုရန်းဧရိယာ ၄၅၀၀ ခန့်ကျယ်၀န်းကြောင်း သိရသည်။ HYUNDAI ၏ တရား၀င် အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့် ရှိခဲ့သည့် Fortune International Limited သည် တောင်ကိုရီးယား ကုန်ပစ္စည်း အများအပြားကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း စသည့်လုပ်ငန်း အများအပြား လုပ်ကိုင်လျက်ရှိသည့် ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ဂျပန်အခြေစိုက် ကားကုမ္ပဏီများဖြစ်သော Toyota, Mitsubishi, Suzuki၊ အမေရိကန် အခြေစိုက် Ford, Chevrolet တို့အပြင် ဂျာမနီအခြေစိုက် Mercedes – Benz ကားကုမ္ပဏီများ၏ အရောင်းပြခန်းများ၊ Original Spare Parts နှင့် ၀န်ဆောင်မှု စင်တာများကို မကြာမီ ဖွင့်လှစ်မည်ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *