News

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံတွင် နားအတုစက်တပ်ခြင်း ပြုလုပ်ပေးမည်

အောက်တိုဘာ ၂၈ရက်မှ ၃၁ရက်အထိ ဂျာမနီမှ ဆရာဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများ ပူးပေါင်း၍ ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီးတွင် အတွင်းနားအတုစက်များ တပ်ဆင်ခြင်းများကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဂျာမနီက ဆရာဝန်ကြီးနဲ့ မြန်မာနိုင်ငံက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေ ပူးပေါင်းပြီးတော့ ခွဲပေးမှာပါ။ ခွဲစိတ်တာကတော့ မေတ္တာနဲ့ အခမဲ့ ခွဲစိတ်ပေးမှာပါ။ အတွင်းနားအတုစက်ရဲ့ တန်ဖိုးကိုတော့ လူနာတွေဘက်က ကျခံရမှာပါ”ဟု နား၊ နှာခေါင်း၊ လည်ချောင်း၊ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဝင်းထိုက်ကြည်က ပြောသည်။
ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်း၊ အထူးကု ဆေးရုံကြီးတွင် နားနှစ်ဖက်စလုံးလေးသွားပြီး မည်သည့် အသံမှ မကြားတော့သည့် လူနာများနှင့် မွေးရာပါ နားမကြားသူများအား နားအတုစက်ထည့်၍ နားပြန်လည်ကြားစေရန် ပြုလုပ်ပေးနိုင်ကြောင်း သိရသည်။

“နားလေးရောဂါကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကအထိတော့ ကျွန်တော်တို့ အနေနဲ့ လူနာတွေကု နားကတော့ နှစ်ဖက်လုံးလေးသွားပြီး ကုသလို့ မရတော့ဘူးပေါ့။ လက်ဟန်ခြေဟန်နဲ့ပဲ စကားပြောလို့ ရမယ်ပေါ့။ ဒီလိုပဲ ပြောတတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ နည်းပညာတွေကလည်း တိုးတက်လာပြီ ဖြစ်တဲ့အတွက် အတွင်းနားအတုစက်နဲ့ ကုသပေးလို့ ရနေပါပြီ”ဟု ဆိုသည်။

ကမ္ဘာလုံး အတိုင်းအတာအနေနှင့် လူဦးရေ ခြောက်သောင်းကျော်သည် နားအတွင်းပိုင်းတွင် အတွင်းနားအတုစက် ထည့်ထားကြပြီး မြန်မာနိုင်ငံတွင် ယင်းစက်တပ်ထားသူ ၂၁ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အတွင်းနားတပ်ဆင်ခြင်းကို ပြုလုပ်လိုသူများ အနေဖြင့် အောက်တိုဘာ ၂၂ရက် နောက်ဆုံးထား၍ ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်း၊ အထူးကု ဆေးရုံကြီးတွင် လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *